Border News Agency
ပေါက်၊ မတ် ၂၇။
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာနှစ်ဆယ်ကျော်က ပြည်သူတသောင်းခုနှစ်ထောင်ကျော် စားနပ်ရိက္ခာအရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ပေါက်မြို့နယ် ပအဖအဖွဲ့က မတ်လ ၂၆ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကြောင်းဟာ မတ်လ ၉ ရက်နေ့က ပခုက္ကူတပ်မ ၁၀၁ ကနေ ထွက်လာတဲ့ ကားအစီး ၁၅၀ ကျော်ပါ ရိက္ခာယာဉ်တန်းဖြစ်ပြီး ဆိပ်ဖြူ ကပစ ၂၂ ကနေတဆင့် ပေါက် ကပစ ၂၄ လက်နက်စက်ရုံဘက်ကို ဦးတည်လာတာလို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ လမ်းတလျှောက်မှာ လက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ ပစ်ကူယူပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် ပေါက်မြို့နဲ့ ပျူစောထီးကျေးရွာတွေကြားက ရွာပေါင်းနှစ်ဆယ့်တရွာက အိမ်ထောင်စုသုံးထောင်ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ခိုလှုံနေကြရတယ်လို့လည်းဆိုပါတယ်။
စစ်ကြောင်းဖြတ်သန်းရာ လမ်းတလျှောက်က နေအိမ်တွေထဲက ပစ္စည်းတွေကိုလည်း စစ်ကော်မရှင်တပ်က ခိုးယူသယ်ဆောင်သွားသလို သယ်မရတဲ့ ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီ စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ ဟင်းချက်စရာတွေ အရေးပေါ်လိုအပ်နေတာကြောင့် နယ်မြေခံခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပြီး ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း ပအဖ အဖွဲ့က တိုက်တွန်းထားပါတယ်။



















