Border News Agency
အစ္စရေး၊ မတ် ၃၀။
အစ္စရေးနိုင်ငံမြောက်ပိုင်း၊ ဟိုင်ဖာမြို့က စက်မှုဇုန်အတွင်းကိုအီရန်နဲ့ ဟစ်ဇဘိုလာအဖွဲ့က မတ်လ ၃၀ ရက်၊ဒီနေ့ နေ့လည်ကဒုံးကျည်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဟိုင်ဖာရေနံချက်စက်ရုံကို ဒုံးကျည်ထိမှန်ခဲ့ပြီး စက်ရုံအတွင်း မီးအပြင်းအထန် လောင်ကျွမ်းနေသလို မီးခိုးလုံးကြီးတွေလည်း ကောင်းကင်ယံအထိ တက်နေတယ်လို့ဆိုပါတယ်။
ဒါဟာ စစ်ပွဲစတင်ကတည်းက အဲဒီရေနံချက်စက်ရုံ ဒုတိယအကြိမ်မြောက် ထိမှန်ခံရတာဖြစ်ပြီး စက်ရုံရဲ့ရှယ်ယာဈေးနှုန်းတွေဟာလည်း ၄ ရာခိုင်နှုန်းအထိ ချက်ချင်း ထိုးဆင်းသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစက်ရုံအတွင်း မီးလောင်ကျွမ်းမှု ပိုမိုပြင်းထန်လာနေပြီး အနီးနားက လူနေရပ်ကွက်တွေအထိ မီးခိုးငွေ့တွေ ဖုံးလွှမ်းနေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
အစ္စရေးအာဏာပိုင်တွေဘက်ကတော့ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို စစ်ဆေးနေဆဲဖြစ်ပြီး အခုလို အချက်အချာကျတဲ့ စွမ်းအင်ကဏ္ဍ တိုက်ခိုက်ခံရတာကြောင့် ဒေသတွင်း စစ်ရေးအခြေအနေဟာ ပိုမိုတင်းမာလာနေတယ်လို့ဆိုပါတယ်။







