Border News Agency
ဝါရှင်တန်၊ ဧပြီ ၃ ။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က ကြည်းတပ်ဦးစီးချုပ် General Randy George ကို ရာထူးကနေ ချက်ချင်းနုတ်ထွက်ဖို့ ညွှန်ကြားလိုက်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်နဲ့ စစ်ဖြစ်နေချိန်မှာ အခုလို စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတဦးကို အကြောင်းပြချက်မရှိဘဲ ရုတ်တရက်အနားပေးလိုက်တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
General George ဟာ ၂၀၂၃ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေမှာလည်း ပါဝင်ခဲ့တဲ့ ဝါရင့်အရာရှိကြီးတဦးပါ။
သူဟာ ကြည်းတပ်အတွင်း AI နည်းပညာနဲ့ ဒရုန်းစနစ်သစ်တွေကို အဆင့်မြှင့်တင်ဖို့ ကြိုးစားခဲ့သူအဖြစ် လူသိများပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဝန်ကြီး Hegseth ဟာ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်နိုင်မယ့်သူကိုသာ ရာထူးပေးချင်တာကြောင့် အခုလို ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် အရာရှိ ၂၉ ဦးရဲ့ ရာထူးတိုးစာရင်းမှာ ပါဝင်တဲ့ လူမည်းအရာရှိ ၂ ဦးနဲ့ အမျိုးသမီးအရာရှိ ၂ ဦးတို့ကို ဝန်ကြီးက ပယ်ဖျက်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး General George နဲ့ သဘောထားကွဲလွဲခဲ့တာကလည်း အခုလို ရာထူးက ထုတ်ပယ်ခံရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ New York Times က ဖော်ပြထားပါတယ်။
လက်ရှိမှာ ဝန်ကြီး Hegseth ဟာ ကြည်းတပ်ရဲ့ လေ့ကျင့်ရေးဌာနအကြီးအကဲ General David Hodne နဲ့ သာသနာရေးအရာရှိချုပ် (Chief of Chaplains) Major General William Green Jr တို့ကိုလည်း ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အထူးသဖြင့် အီရန်စစ်ပွဲဟာ ဘာသာရေးနဲ့ ဆက်စပ်တဲ့ စစ်ပွဲဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေ စစ်တပ်အတွင်း ထွက်ပေါ်နေချိန်မှာ အခုလို အရာရှိကြီးတွေကို အစုလိုက်အပြုံလိုက် ဖယ်ရှားနေတာကြောင့် အမေရိကန်စစ်တပ်အတွင်းမှာ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ခွဲခြားမှုတွေ ရှိနေသလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။






