Border News Agency
စမွတ်စာခွန်၊ ဧပြီ ၇ ။
ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်ရှိ အလုပ်သမားအဆောင်တခုမှာ တခြားအလုပ်သမားတွေကိုသေနတ်ပြခြိမ်းခြောက်နေတဲ့ မြန်မာအမျိုးသမီးတဦးကို ထိုင်းလဝကရဲတပ်ဖွဲ့က ဧပြီလ ၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူဟာ အဆောင်မှာ ရန်လိုတဲ့အမူအရာတွေပြသပြီး သေနတ်နဲ့ မကြာခဏ ခြိမ်းခြောက်လေ့ရှိတာကြောင့် အဆောင်မန်နေဂျာက ရဲတပ်ဖွဲ့ကို သတင်းပေးတိုင်ကြားခဲ့တာပါ။
အဲဒီရဲတပ်ဖွဲ့က အသက် ၄၂ နှစ်အရွယ် မဆန်းရဲ့အခန်းကို ဝင်ရောက်စီးနင်းရာမှာ ၃၈ ပစ္စတိုတစ်လက်၊ကျည်ကတ် နှစ်ခုနဲ့ ကျည်ဆန်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအမျိုးသမီးကို လက်ရှိမှာ တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အမှုဖွင့်ထားပြီး ထိုင်းဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် အဆောင်အတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားတွေ စိုးရိမ်ထိတ်လန့်ခဲ့ရပြီး အခုအခါမှာတော့ နယ်မြေရဲတပ်ဖွဲ့က လုံခြုံရေးအရ ထိန်းသိမ်းထားပြီလို့ဆိုပါတယ်။









