Border News Agency
ကျောက်တော်၊ ဧပြီ ၉။
အာရက္ခပြည်အတွင်း သောက်ရေသန့်ထုတ်လုပ်ရာမှာ လိုက်နာရမယ့် စည်းကမ်းချက် ၁၄ ချက်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန (FDA) က ထုတ်ပြန်လိုက်ပြီး စည်းကမ်းမလိုက်နာတဲ့ လုပ်ငန်းတွေကို ဖြန့်ဖြူးရောင်းချခွင့် ယာယီပိတ်သိမ်းသွားမယ်လို့ သတိပေးလိုက်ပါတယ်။
အဲဒီရေသန့်ထုတ်လုပ်သူတွေဟာ ရေအရင်းအမြစ်ကို စနစ်တကျသိုလှောင်ဖို့နဲ့ ရေသိုလှောင်ကန်တွေကို အမြဲဆေးကြောဖို့ လိုအပ်သလို အဝီစီတွင်းနဲ့ အိမ်သာကျင်းဟာလည်း အနည်းဆုံး ပေ ၅၀ အကွာမှာ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။
စက်ရုံအတွင်း အသုံးပြုတဲ့ ရေစစ်နဲ့ ဓာတုပစ္စည်းတွေကို ပုံမှန်လဲလှယ်စစ်ဆေးရမှာဖြစ်သလို ရေသန့်ဘူးဆေးကြောရာမှာလည်း အကြမ်းထည်ကနေ သောက်ရေသန့်နဲ့ ဆေးကြောတဲ့အဆင့်အထိ အနည်းဆုံး ပုံစံ ၃ မျိုးခွဲပြီး စနစ်တကျ သန့်စင်ရမှာ ဖြစ်ပါတယ်။
ရေသန့်ထုတ်လုပ်တဲ့ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်သုံးဝတ်စုံကို ပြည့်စုံစွာဝတ်ဆင်ပြီး တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရမယ့်အပြင်၊ခြောက်လတကြိမ် ကျန်းမာရေးစစ်ဆေးမှုခံယူပြီး ထောက်ခံချက်ရှိထားဖို့လည်း FDA က ညွှန်ကြားထားပါတယ်။
သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ မကိုက်ညီလို့ ပိတ်ပင်ခံရတဲ့ လုပ်ငန်းတွေဟာ လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး FDA ရဲ့ ကွင်းဆင်းစစ်ဆေးမှုကို အောင်မြင်မှသာ လုပ်ငန်းပြန်လည်ပတ်ခွင့် ရရှိမှာဖြစ်ပါတယ်။






