Border News Agency
အမေရိကန်၊ ဧပြီ ၁၆။
အမေရိကန်နဲ့အီရန်နိုင်ငံကြားက စစ်ပွဲကိုအဆုံးသတ်နိုင်ဖို့အတွက် ပါကစ္စတန်နိုင်ငံက ကြားဝင်စေ့စပ်ပေးနေပြီး ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ရက်ပိုင်းအတွင်း ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့အပတ်က သဘောတူခဲ့တဲ့ နှစ်ပတ်ကြာအပစ်ရပ်ရေးဟာ လာမယ့် ဧပြီ ၂၂ ရက်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် အချိန်မနှောင်းခင် သဘောတူညီချက်ရဖို့ နှစ်ဖက်စလုံးက ဖိအားပေးခံနေရတာပါ။
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့မှာ ဧပြီ ၁၁ ရက်ကနေ ၁၂ ရက်အထိ ပထမအကြိမ် ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နှစ်ဖက်စလုံးက အချက်အလက်အချို့ကို သဘောမတူနိုင်ခဲ့တာကြောင့် ဘယ်လိုသဘောတူညီချက်မှမရရှိဘဲ ပြီးဆုံးခဲ့ပါတယ်။
အထူးသဖြင့် အီရန်ရဲ့နျူကလီးယားအစီအစဉ်၊ ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းရေးနဲ့ ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေမှာ အမြင်မတူဘဲဖြစ်နေကြတာပါ။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ ဒီစစ်ပွဲဟာပြီးဆုံးခါနီးနေပြီလို့ ပြောဆိုထားပြီး ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှရစ်ဖ်ကလည်း ဆော်ဒီအာရေးဗီးယား၊ တူရကီစတဲ့နိုင်ငံတွေကို သွားရောက်ပြီး ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာထောက်ခံမှုရအောင် ရှာဖွေနေပါတယ်။
တူရကီသမ္မတအာဒိုဂန်ကလည်း အပစ်ရပ်ရေးကာလကိုတိုးမြှင့်ဖို့နဲ့ လက်နက်ကိုင်နည်းလမ်းထက် ဆွေးနွေးမှုနဲ့ပဲအဖြေရှာဖို့ တိုက်တွန်းထားပါတယ်။
အဓိကအငြင်းပွားနေတဲ့အချက်တွေထဲမှာ အီရန်ရဲ့ မဟာမိတ်ဟစ်ဇ်ဘိုလာအဖွဲ့ရှိရာ လေဘနွန်နိုင်ငံအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့လည်း ပါဝင်နေပါတယ်။
အီရန်ဘက်က လေဘနွန်မှာပါတိုက်ပွဲတွေ ရပ်တန့်စေချင်ပေမယ့် အမေရိကန်နဲ့ အစ္စရေးဘက်ကတော့ ဒါဟာ သီးခြားကိစ္စဖြစ်တယ်လို့ဆိုကာ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ အပစ်ရပ်ရေးကို သက်တမ်းတိုးဖို့ နှစ်ဖက်စလုံးက မူအားဖြင့် သဘောတူထားတယ်လို့ သတင်းအချို့ ထွက်ပေါ်နေပေမယ့် တရားဝင်အတည်ပြုချက်တော့မထွက်သေးပါဘူး။
ဒီဆွေးနွေးပွဲတွေသာ အောင်မြင်မှုမရရင် ဒေသတွင်းစွမ်းအင်အကျပ်အတည်းနဲ့ စစ်မီးပိုမိုကျယ်ပြန့်လာနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။






