Border News Agency
အီရန်၊ ဧပြီ ၁၇။
အီရန်အစိုးရအနေနဲ့လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခဇုန်အားလုံးမှာ အမြဲတမ်းအပစ်အခတ်ရပ်စဲရေး ရရှိဖို့အတွက် အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်နေတယ်လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘေဂါ ဂါလီဘတ်ဖ်က ပြောကြားလိုက်ပါတယ်။
လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌ နာဘီဘာရီနဲ့ဧပြီလ ၁၆ ရက်၊ မနေ့ကဆက်သွယ်ပြောဆိုရာမှာ ဂါလီဘတ်ဖ်က အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး လက်ဘနွန်မှာ အပစ်ရပ်ဖို့ဟာ အီရန်အတွက် အပစ်ရပ်ဖို့လောက်နီးပါး အရေးကြီးတယ်လို့ ဆိုပါတယ်။
အီရန်ဘက်ကတော့ ဒေသတွင်းတင်းမာမှုတွေကို လျှော့ချဖို့အတွက် အမေရိကန်နဲ့ အစ္စရေးတို့ဘက်က အမြဲတမ်းအပစ်ရပ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်လာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်လို့ တယ်လီဂရမ်ကတစ်ဆင့် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌဟာ ပြီးခဲ့တဲ့အပတ်က ပါကစ္စတန်မှာပြုလုပ်တဲ့ အမေရိကန်-အီရန် ဆွေးနွေးပွဲမှာ အီရန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ပြီး အဲဒီဆွေးနွေးပွဲမှာတော့ တစုံတရာ သဘောတူညီမှု မရရှိဘဲ ပြီးဆုံးခဲ့တာပါ။
လက်ရှိမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနဲ့ လက်ဘနွန်ခေါင်းဆောင်တွေ တိုက်ရိုက်ဆွေးနွေးကြဖို့ ရှိတယ်လို့ ပြောကြားထားတာကြောင့် ဒေသတွင်းစစ်ပွဲတွေ အမှန်တကယ် ပြီးဆုံးတော့မလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။






