Border News Agency
နေပြည်တော်၊ ဧပြီ ၁၇။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့အတွက် ပြည်သူတွေရဲ့ အသိပညာ၊ အတတ်ပညာ မြင့်မားဖို့ လိုအပ်ပြီး ပညာရည်နိမ့်ပါးသူတွေကြောင့် နိုင်ငံတော်ရှေ့ဆက်ဖို့ ခက်ခဲနေရတာလို့သမ္မတတု မင်းအောင်လှိုင်က နှစ်သစ်ကူးမိန့်ခွန်းမှာ အပြစ်တင် ပြောပါတယ်။
ဒါပေမယ့် မြေပြင်အခြေအနေမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းက ပညာရေးကဏ္ဍဟာ အဆိုးရွားဆုံး ကျဆင်းသွားခဲ့တာပါ။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းနေအရွယ် ကလေးငယ်တွေဟာ စာသင်ခန်းတွေထဲမှာတင် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ နိုင်ငံအနှံ့မှာ အထင်အရှား ရှိနေပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ စာသင်ကျောင်းတွေကို တပ်စွဲတာ၊ ကာကင်းအဖြစ် အသုံးပြုတာတွေ လုပ်ဆောင်နေသလို တိုက်ပွဲတွေကြောင့် နိုင်ငံတဝှမ်းမှာ ကျောင်းဆောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အဲဒီလုပ်ရပ်တွေကြောင့်ပဲ သန်းနဲ့ချီတဲ့ ကလေးငယ်တွေဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရတာလို့ လူသားချင်းစာနာမှုအဖွဲ့တွေက ထောက်ပြထားပါတယ်။
နောက်ပြီး စစ်ကော်မရှင်က အတင်းအဓမ္မ ကျင့်သုံးနေတဲ့ စစ်မှုထမ်းဥပဒေကြောင့် ပညာတတ်လူငယ်တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ပညာသင်ကြားမှုကို စွန့်လွှတ်ပြီး ပြည်ပကို ထွက်ခွာတာ၊တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းတာတွေ လုပ်ဆောင်နေကြရပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထိန်း ချုပ်နယ်မြေတွေကို အာဏာသိမ်းစစ် တပ်ကလေကြောင်းတိုက်ခိုက်နေပေမယ့် သူတို့ထိန်းချုပ်နယ်မြေတွေမှာပညာရေးကို တတ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့အကောင်အထည်ဖော်နေကြပါတယ်။






