Border News Agency
တူရကီ၊ ဧပြီ ၂၀။
တူရကီနိုင်ငံမှာ ကျင်းပနေတဲ့ ၁၅၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်က စစ်ကော်မရှင်တပ်နဲ့သူတို့ရဲ့ လက်ဝေခံလွှတ်တော်ကို တရားဝင်အဖြစ် အသိအမှတ်မပြုဘဲ ငြင်းပယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
“စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ဝေခံလွှတ်တော်ကို ဘယ်လိုပုံစံမျိုးနဲ့ပဲ ပြောင်းလဲဖန်တီးပါစေ တရားဝင်မှုကို ငြင်းပယ်ပေးကြပါ။” လို့ ဒေါ်ဇင်မာအောင်ကဆိုပါတယ်။
အဲဒီအပြင် CRPH ကိုလည်း မြန်မာနိုင်ငံရဲ့ တရားဝင်လွှတ်တော်အဖြစ် ထပ်လောင်းအတည်ပြုပေးဖို့ ညီလာခံမှာ ပြောကြားခဲ့တာပါ။
စစ်အာဏာသိမ်းပြီးကတည်းက အသတ်ခံခဲ့ရတဲ့ ပြည်သူတွေ၊အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား ၁၅,၀၀၀ ကျော်နဲ့ နေရပ်စွန့်ခွာနေရသူ ၃ သန်းကျော်ရဲ့ အသံတွေကို နိုင်ငံတကာသိအောင် သယ်ဆောင်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ အခြေခံအခွင့်အရေးတွေ ပိတ်ပင်ခံထားရပေမယ့် ဒီမိုကရေစီရရှိရေးအတွက် သတ္တိရှိရှိ ဆက်လက်ကြိုးပမ်းနေကြဆဲဖြစ်သလို SCEF ကောင်စီဟာလည်း တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ အားကောင်းတဲ့ သင်္ကေတတခုဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် နိုင်ငံတကာညီလာခံကြီးအနေနဲ့ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်သွားစေဖို့ ထိရောက်ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ ရပ်တည်ပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။






