Border News Agency
နေပြည်တော်၊ ဧပြီ ၂၂။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ထိရောက်တဲ့ဖိအားပေးမှုတွေလုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၅၈ ဖွဲ့က ဧပြီလ ၂၁ ရက်၊မနေ့ကနိုင်ငံတကာကို စုပေါင်းတောင်းဆိုလိုက်ပါတယ်။
UN၊ EU နဲ့ အာဆီယံအပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့ နိုင်ကျဉ်းတွေလွတ်မြောက်ရေးကို အထူးအလေးထား ဆောင်ရွက်ပေးဖို့နဲ့ စစ်ကော်မရှင်တပ်ရဲ့အတုအယောင်အစိုးရကို အသိအမှတ်မပြုဖို့လည်းတောင်းဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေကို လေကြောင်းတိုက်ခိုက်နေတာတွေရပ်တန့်နိုင်ဖို့ လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ပေးဖို့နဲ့ စစ်ကော်မရှင်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဥပဒေအရ တာဝန်ခံခိုင်းဖို့လည်း တိုက်တွန်းထားတာပါ။
အရပ်ဘက်အဖွဲ့အစည်း ၅၈ ဖွဲ့ဟာ နိုင်ကျဉ်းတွေလွတ်မြောက်ရေးအတွက် ဧပြီလ ၁၀ ရက်ကစပြီး ၁၂ ရက်ကြာ “Blue Shirt Campaign” လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။






