Border News Agency
ဖလမ်း၊ ဧပြီ ၂၅။
ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဖလမ်းမြို့နယ်ရှိဆူရ်ဘုန်လေယာဉ်ကွင်းကို ဧပြီလ ၂၅ရက်၊ ဒီနေ့ အာဏာသိမ်းစစ်တပ်ပြန်ထိန်းချုပ်လိုက်ပြီလို့ စစ်တပ်ဝါဒဖြန့်တွေဖော်ပြနေကြပါတယ်။
အဲဒီဖလမ်းမြို့နယ်ကို ပြီးခဲ့တဲ့နှစ်၊စက်တင်ဘာလကစတင်ပြီး အာဏာသိမ်းစစ်တပ်က ကလေးမြို့ကတဆင့် ကလေး -သိုင်းငင်း-တီးတိန်-ဖလမ်းကားလမ်းမှစစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပါတယ်။
အဲဒီအပြင် ကလေး-နတ်ချောင်း-ဝေဘူလ-ဖလမ်းကားလမ်းမှလည်း အင်အားဖြည့်စစ်ကြောင်းထိုးတိုက်ခိုက်ပြီး ဆူရ်ဘုန်လေယာဉ်ကွင်းကိုပြန်လည်ထိန်းချုပ်လိုက်တာပါ။
အဲဒီလေယာဥ်ကွင်းသိမ်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်ဆယ်စီးထိအသုံးပြုပစ်ကူပေးခဲ့သလို ဗုံးအလုံးရေရာနဲ့ချီကြဲချပစ်ကူပေးခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“ဒီဆူရ်ဘုန်လေယာဥ်ကွင်းနဲ့မြို့ကိုရ အောင်ပြန်ယူမယ့်ပုံပေါ်နေပါတယ်။စစ်သားအင်အားတအားသုံးပြီးအပြင်းထန်ဆုံးထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ လေယာဥ်တွေလည်းအုပ်လိုက်ကြီးလာပစ်နေတာပါ။ အသည်းအသန်ခုခံနေရပါတယ်။”လို့ မြေပြင်စစ်ရေးသတင်းရ င်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီဆူရ်ဘုန်လေယာဥ်ကွင်းဟာဖလမ်းမြို့အနောက်ဘက် ၁၃ ကီလိုမီတာအကွာပင်လယ်ရေမျက်နှာပြင်အထက် ၁,၈၃၀ မီတာမှာတည်ရှိပါတယ်။
အဲဒီဆူရ်ဘုန်လေဆိပ်ဟာ ချင်းပြည်ရဲ့ပထမဆုံးလေဆိပ်ဖြစ်သလို ချင်းပြည်ရဲ့တခုတည်းလေယာဥ်ကွင်းဖြစ်တာမို့အာဏာသိမ်းစစ်တပ်ပြန်ထိန်းချုပ်နိုင်သွားရင်စစ်ရေးအတွက်အသုံးပြုနိုင်သွားမယ်လို့ ချင်းတော်လှန်ရေးတပ်တွေက ဆိုကြပါတယ်။
အဲဒီဆူရ်ဘုန်လေယာဥ်ကွင်းကို ဧပြီလ၁၉ ရက်နေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်အင်အားတထောင်နီးပါးထိအသုံးပြုထိုးစစ်ဆင်လာတာမို့ တိုက်ပွဲပြင်းထန်နေပြီးအာဏာသိမ်းစစ်တပ်က သေဆုံးဒဏ်ရာရတာတွေများနေကြတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့်အာဏာသိမ်းစစ်တပ်ရဲ့တို က်လေယာဥ်တွေအများအပြားအသုံး ပြုပစ်ကူပေးနေတာမို့ ချင်းလက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့စုစည်းခုခံနေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“ချင်းလက်နက်ကိုင်တွေစုစည်းခုခံနေကြပါတယ်။ ချင်းလက်နက်ကိုင်တွေအချင်းချင်းစုစည်းမခုခံလိုလေယာဥ်ကွင်းပြန်ပေးလိုက်ရရင်ချင်းလက်နက်ကိုင်အားလုံးစစ်ရေးအထိနာလာနိုင်ပါတယ်။ ဒီလေယာဥ်ကွင်းက အကြမ်းဖက်စစ်တပ်အတွက်စစ်ရေးအရချဖို့ အရေးပါပါတယ်။”လို့ မြေပြင်သတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီဆူရ်ဘုန်လေယာဥ်ကွင်းဟာ ပြေးလမ်းအလျား ၁,၈၃၀ မီတာနဲ့အကျယ် ၃၀ မီတာရှိပြီး ATR-72 အမျိုးအစား လေယာဉ်တွေဆင်းသက်နိုင်တာမို့အာဏာသိမ်းစစ်တပ်က လေကြောင်းစစ်သည်လက်နက်ခဲယမ်းတွေဖြည့်တင်းဖို့ အခွင့်အရေးရသွားနိုင်တယ်လို့ ချင်းလက်နက်ကိုင်တော်လှန်အဖွဲ့တွေထောက်ပြကြပါတယ်။
အဲဒီလေယာဥ်ကွင်းကို အသုံးပြုအင်အားဖြည့်တင်းပြီး တခြားနေရာတွေ၊တခြားမြို့နယ်တွေကိုလည်း ဆက်ထိုးစစ်ဆင်သိမ်းယူလာနိုင်တာမို့ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲဲ့တွေစုစည်းခုခံနေကြတာလို့ ဆိုကြပါတယ်။
အဲဒီဖလမ်းမြို့နယ်ကို ပြီးခဲ့တဲ့နှစ်၊ ဧပြီ လ ၈ ရက်နေ့က ချင်းညီနောင်အဖွဲ့ကဦးဆောင်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတာပါ။






