Border News Agency
ထိုင်း၊ ဧပြီ ၂၇။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ Sa Kaeo ခရိုင်အတွင်းကို တရားမဝင် ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသားသုံးဦးနဲ့ မြန်မာနိုင်ငံသား တဦးတို့ကိုဧပြီလ ၂၅ ရက်နေ့ကထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီSa Kaeo ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ နယ်စပ်တလျှောက် တရားမဝင် ခိုးဝင်မှုတွေနဲ့ တခြားပြစ်မှုတွေကို တားဆီးဖို့ ကင်းလှည့်နေစဉ်မှာ အခုလို ဖမ်းမိခဲ့တာပါ။
အဲဒီဖမ်းဆီးရမိတဲ့နေရာဟာ အာရန်ယပရာသက်မြို့နယ်၊ ကလောင်နမ်ဆိုင်ကျေးရွာအနီးရှိ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှတ်တိုင် ၄၈ နဲ့ ၄၉ အကြားမှာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
အဲဒီတရုတ်နိုင်ငံသား သုံး ဦးနဲ့ မြန်မာနိုင်ငံသား တဦးတို့ဟာ ထိုင်းနိုင်ငံအတွင်းကို တရားဝင်အထောက်အထား တစုံတရာမရှိဘဲ သဘာဝလမ်းကြောင်းကနေ ခိုးဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကို တရားမဝင် ခိုးဝင်နေထိုင်မှုနဲ့ အမှုဖွင့်ထားပြီး ဥပဒေအရ အရေးယူနိုင်ဖို့အတွက် ကလောင်နမ်ဆိုင်ကျေးရွာအနီးရှိရဲစခန်းကို ပို့ဆောင် လွှဲပြောင်းပေးထားပါတယ်။










