Border News Agency
အိန္ဒိယ၊ ဧပြီ ၂၈။
အိန္ဒိယနိုင်ငံ၊ အိုဒီရှာပြည်နယ်မှာ အသက် ၅၀ အရွယ်အမျိုးသားတဦးဟာ သေဆုံးသွားပြီဖြစ်တဲ့ ညီမဖြစ်သူရဲ့ ဘဏ်အကောင့်ထဲက ငွေတွေကို ထုတ်ယူနိုင်ဖို့အတွက် ညီမဖြစ်သူရဲ့ရုပ်အလောင်းကို ဘဏ်ထဲအထိယူဆောင်လာခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။
အစ်ကိုဖြစ်သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကွယ်လွန်ခဲ့တဲ့ ညီမဖြစ်သူရဲ့အကောင့်ထဲမှာ ကျန်ရှိနေတဲ့ ရူပီး ၂၀,၀၀၀ ခန့်ကို ထုတ်ယူဖို့ ဘဏ်ကို အကြိမ်ကြိမ် သွားရောက်ခဲ့တာပါ။
ဒါပေမယ့် ဘဏ်ဝန်ထမ်းတွေက အကောင့်ပိုင်ရှင်ကိုယ်တိုင်လာဖို့ ဒါမှမဟုတ် အထောက်အထားပြဖို့ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီအမျိုးသားဟာ ပညာမတတ်တာကြောင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို နားမလည်ဘဲ လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း မတင်ပြနိုင်ခဲ့ပါဘူး။
ဘဏ်ဝန်ထမ်းတွေက ကိုယ်တိုင်လာဖို့ပဲ ထပ်ခါတလဲလဲ ပြောနေတာကြောင့် နောက်ဆုံးမှာတော့ သင်္ချိုင်းမှာ မြှုပ်နှံထားတဲ့ ညီမအလောင်းကို ပြန်တူးပြီး ဘဏ်ကို ယူလာခဲ့တာ ဖြစ်ပါတယ်။
သေဆုံးပြီးသား လူတဦးရဲ့ အရိုးစုကို ဘဏ်ထဲအထိ ယူဆောင်လာတဲ့ ဒီဖြစ်ရပ်ကြောင့် ဘဏ်အတွင်းမှာရှိနေသူတွေ အကုန်လုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတယ်။
ဒီသတင်းဟာ လူမှုကွန်ရက်နဲ့ ဒေသတွင်း မီဒီယာတွေမှာလည်း အကြီးအကျယ် ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါဟာ အိန္ဒိယက ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ဘဏ်လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတနည်းပါးမှုကြောင့် ဖြစ်ရတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။







