Border News Agency
ဂျီနီဗာ၊ ဇွန် ၁၂။
ဂျီနီဗာမှာ ကျင်းပနေတဲ့ ၁၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC) မှာ မြန်မာနိုင်ငံအတွက် အထူးအစည်းအဝေးတခုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားရေးရာဦးစီးဌာနက ဇွန်လ ၁၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအစည်းအဝေးမှာ အာဏာသိမ်းစစ်တပ်က အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေကို ဘယ်လောက်အထိ ချိုးဖောက်နေလဲဆိုတာကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အလုပ်သမားသမဂ္ဂတွေ၊တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာ၊ညှဉ်းပန်းတာတွေအပြင် ကလေးတွေကို အဓမ္မစစ်မှုထမ်းခိုင်းတာနဲ့ အဓမ္မလုပ်အားပေး ခိုင်းစေတာတွေကို အခုထိ ဆက်လုပ်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အရမ်းကို စိုးရိမ်မကင်း ဖြစ်နေကြတယ်လို့ဆိုပါတယ်။
ဒါကြောင့် အာဏာသိမ်းစစ်တပ်အနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဘယ်လောက်အထိ လိုက်နာဆောင်ရွက်ထားသလဲဆိုတာကို ဒီနှစ်လာမယ့်စက်တင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ILO ညွှန်ကြားရေးမှူးချုပ်ဆီ အစီရင်ခံစာတင်ပြဖို့ တောင်းဆိုလိုက်ပါတယ်။
အဲဒီတင်ပြလာတဲ့ အချက်အလက်တွေကိုတော့ လာမယ့်နိုဝင်ဘာလမှာလုပ်မယ့် ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးသွားမှာပါ။
အခုအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ညီလာခံအစီရင်ခံစာမှာ သီးသန့်ကဏ္ဍတခုအနေနဲ့ ထုတ်ပြန်ကြေညာသွားဦးမှာလို့ဆိုပါတယ်။
NUG အနေနဲ့လည်း အာဏာသိမ်းစစ်တပ်ရဲ့ ဒီလိုချိုးဖောက်မှုတွေကို အနီးကပ်စောင့်ကြည့်နေသလို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ဆက်လက်အရေးယူသွားဖို့ ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။










