Border News Agency
အမေရိကန်၊ ဧပြီ ၂၉။
လာမယ့်ဇူလိုင်လမှာ ကျရောက်မယ့် အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်း ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် သမ္မတထရမ့်ရဲ့ ပုံတူနဲ့ လက်မှတ်ပါဝင်တဲ့ အထူးထုတ် ပတ်စပို့တွေကို ကန့်သတ်ချက်နဲ့ ထုတ်ဝေသွားမယ်လို့ အိမ်ဖြူတော်က ဧပြီလ ၂၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ဒါဟာထရမ့်အစိုးရလက်ထက်မှာ နိုင်ငံတော်ပိုင် အဖွဲ့အစည်းတွေနဲ့အသုံးအဆောင်တွေအပေါ် သမ္မတရဲ့အမည်နဲ့ ပုံရိပ်ကို အမှတ်တံဆိပ်အဖြစ် အသုံးပြုလာတဲ့ လုပ်ဆောင်ချက်တွေထဲက တခုလည်း ဖြစ်ပါတယ်။
အဲဒီပတ်စပို့အသစ်ရဲ့ ဒီဇိုင်းမှာ ထရမ့်ရဲ့ ပုံတူကို အမေရိကန် အလံ၊ လွတ်လပ်ရေး ကြေညာစာတမ်း အစိတ်အပိုင်းတွေနဲ့ တွဲဖက်ဖော်ပြထားပြီး သမ္မတရဲ့ လက်မှတ်ကိုလည်း ရွှေရောင်နဲ့ ရိုက်နှိပ်ထားပါတယ်။
ပတ်စပို့အတွင်းစာမျက်နှာတွေမှာတော့ အမေရိကန်တည်ထောင်သူ ဖခင်ကြီးတွေရဲ့ သမိုင်းဝင်ပုံရိပ်တွေကိုပါ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း အမျိုးသားပန်းခြံဝင်ခွင့်လက်မှတ်တွေမှာ သမ္မတ ဂျော့ချ်ဝါရှင်တန်နဲ့အတူ ထရမ့်ရဲ့ပုံကို ထည့်သွင်းထားသလို ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေမယ့် ၁ ဒေါ်လာတန် အကြွေစေ့မှာလည်း ထရမ့်ရဲ့ပုံနဲ့ “FIGHT FIGHT FIGHT” ဆိုတဲ့ ကြွေးကြော်သံကို ထည့်သွင်းဖို့ စီစဉ်နေပါတယ်။
ဒါ့အပြင် ဝါရှင်တန်ဒီစီက အစိုးရအဆောက်အအုံတွေမှာလည်း ထရမ့်ရဲ့ ပုံတူ နဖူးစည်းစာတန်းကြီးတွေကို ချိတ်ဆွဲထားပါတယ်။
သမ္မတထရမ့်ဟာ ဝါရှင်တန်မြို့တော်က ကနေဒီစင်တာ (Kennedy Center) ကိုလည်း သူရဲ့အမည်ပြောင်းလဲ ထည့်သွင်းခဲ့သလို အိမ်ဖြူတော်ရဲ့ အရှေ့ဘက်ဆောင်ကို ဖျက်သိမ်းပြီး ခမ်းမဆောင်အသစ် တည်ဆောက်တာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။
အခု ပတ်စပို့အသစ်တွေကိုတော့ ဝါရှင်တန် ပတ်စပို့အေဂျင်စီကတဆင့် လျှောက်ထားသူတွေကို ဒီနွေရာသီမှာ စတင်ဖြန့်ဝေပေးသွားမှာပါ။
ဝေဖန်သူတွေကတော့ ထရမ့်ရဲ့အခုလို လုပ်ရပ်တွေဟာ နိုင်ငံတော်ပိုင် အဆောက်အအုံနဲ့ အထိမ်းအမှတ်တွေကို ကိုယ်ပိုင်အမှတ်တံဆိပ်အဖြစ် ပြောင်းလဲနေတာလို့ ထောက်ပြနေကြပါတယ်။
ဒါပေမယ့် ထရမ့်အစိုးရကတော့ ဒါဟာ သမိုင်းဝင် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့ လုပ်ဆောင်ချက်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။






