Border News Agency
အီရန်၊ မေ ၁။
အမေရိကန်ပြည်ထောင်စုက အီရန်အပေါ် ထပ်မံတိုက်ခိုက်တာတွေလုပ်ဆောင်လာမယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို နာကျင်ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်သွားမယ်လို့ အီရန်အစိုးရက သတိပေးလိုက်ပါတယ်။
အမေရိကန်-အစ္စရေးတို့ရဲ့အီရန်အပေါ် စစ်ပွဲဟာ အခုဆိုရင်နှစ်လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကိုလည်း အီရန်က ဆက်လက်ပိတ်ဆို့ထားပါတယ်။
ဒီပိတ်ဆို့မှုကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေသလို စီးပွားရေးကျဆင်းမှုကိုလည်း စိုးရိမ်နေကြရပါတယ်။
အမေရိကန်ဘက်မှာတော့ ကွန်ဂရက်လွှတ်တော်က စစ်ပွဲအတွက် အတည်ပြုပေးရမယ့် နောက်ဆုံးရက်ဟာ မေလ ၁ ရက်၊ဒီနေ့ ဖြစ်နေပါတယ်။
တကယ်လို့ အတည်မပြုနိုင်ဘူးဆိုရင် အမေရိကန်အနေနဲ့ စစ်ဆင်ရေးတွေကို လျှော့ချရမှာ ဖြစ်ပေမယ့် သမ္မတ ထရမ့်ကတော့ အီရန်ကို ဖိအားပေးဖို့ နောက်ထပ် စစ်ရေးအရ တိုက်ခိုက်မယ့် အစီအစဉ်တွေကို ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိမှာအီရန်မြို့တော် တီဟီရန်အနီးမှာ လေကြောင်းရန်ကာကွယ်ရေး ပစ်ခတ်မှုတွေ ကြားနေရပြီး အီရန်တော်လှန်ရေးအစောင့်တပ်ကလည်း အမေရိကန်ရဲ့ စစ်သင်္ဘောတွေနဲ့ စခန်းတွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။






