Border News Agency
ချင်းမိုင်၊မေ ၂။
မနေ့က ကျရောက်ခဲ့တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ချင်းမိုင်မြို့အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မြောက်ပိုင်းအလုပ်သမားကွန်ရက်တွေ စုပေါင်းပြီး လုပ်အားခတိုးမြှင့်ပေးဖို့နဲ့ လူမှုဖူလုံရေးခံစားခွင့်ရရှိဖို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
”လူမှုဖူလုံရေးမရှိရင်တည်ငြိမ်မှုမရှိ” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူအလုပ်သမား ရာပေါင်းများစွာဟာ ချင်းမိုင်ဘူတာရုံပန်းခြံအထိ ၂ ကီလိုမီတာကျော် ချီတက်ခဲ့ကြပြီး အလုပ်သမားအခွင့်အရေးတွေအတွက် အရေးတကြီး လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
အဲဒီဆန္ဒပြပွဲအတွင်း “တနာရီလုပ်အားခဟာ ကော်ဖီတစ်ခွက်ဖိုးထက် နည်းနေတယ်” ဆိုတဲ့ ပိုစတာတွေကိုင်ဆောင်ကာ လက်ရှိရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းဒဏ်တွေနဲ့ အနိမ့်ဆုံးလုပ်ခလစာဟာ လူနေမှုဘဝနဲ့ ကိုက်ညီမှုမရှိတာတွေကို ဖော်ပြခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပြင် တခြားနိုင်ငံတကာက အလုပ်သမားတွေပါ စုပေါင်းအင်အားပြ ပါဝင်ခဲ့ကြတာကြောင့် လမ်းတလျှောက်မှာ ဒေသခံပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို အထူးရရှိခဲ့ပါတယ်။
ချင်းမိုင်အခြေစိုက် MAP Foundation လို အဖွဲ့အစည်းတွေကလည်း အလုပ်သမားတွေရဲ့လူမှုဖူလုံရေးနဲ့ ဘဝလုံခြုံရေးအတွက် အစိုးရအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ဒီဆန္ဒပြပွဲကတဆင့် တိုက်တွန်းထားပါတယ်














