Border News Agency
အီရန်၊ မေ ၃။
အီရန်ဆီကနေ ရေနံဝယ်ယူနေတဲ့ တရုတ်ရေနံချက်စက်ရုံ ၅ ခုကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်တဲ့အပေါ် တရုတ်အစိုးရက အသိအမှတ်မပြုဘဲ တန်ပြန်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေပြီး တရုတ်လုပ်ငန်းတွေရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ကို ကန့်သတ်နေတာကြောင့် အဲဒီအမိန့်ကို လိုက်နာမှာမဟုတ်ဘူးလို့ တရုတ်စီးပွားရေးဝန်ကြီးဌာနက မေလ ၂ ရက်၊မနေ့က ပြောဆိုလိုက်တာပါ။
အမေရိကန်ဘဏ္ဍာရေးဌာနကတော့ အဲဒီတရုတ်ရေနံချက်စက်ရုံတွေဟာ အီရန်စစ်တပ်အတွက် ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရအောင် လုပ်ပေးနေတာကြောင့် အမေရိကန်ရဲ့ ဘဏ္ဍာရေးစနစ်အတွင်း အသုံးပြုခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ သူတို့လိုအပ်တဲ့ ရေနံဝက်ကျော်ကို အရှေ့အလယ်ပိုင်းကနေ တင်သွင်းနေတာဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း အီရန်ကနေ တင်ပို့တဲ့ ရေနံ ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်ကပဲ ဝယ်ယူခဲ့တာပါ။
အခုလို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်ဖူလုံရေးကို ထိခိုက်စေနိုင်တာကြောင့် တရုတ်အစိုးရက သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အမေရိကန်ရဲ့ အမိန့်တွေကို တရားမဝင်ဘူးလို့ သတ်မှတ်ပြီး တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။






