Border News Agency
ဘန်ကောက်၊ မေ ၅။
ဘန်ကောက်မြို့မှာ အစိုးရလျှပ်စစ်မီးတွေကို ခိုးယူပြီး Bitcoin တရားမဝင်တူးဖော်တဲ့ဂိုဏ်းမှာ အဓိကပါဝင်ပတ်သက်နေတဲ့ ဝရမ်းပြေး မြန်မာအမျိုးသမီးတဦးကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က မေလ ၃ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖမ်းဆီးခံရသူ မြန်မာအမျိုးသမီးဟာ ၂၀၂၃ ခုနှစ်ကတည်းက စမွတ်စာခွန်နဲ့ အနီးတဝိုက်ပြည်နယ်တွေမှာ လျှပ်စစ်မီးခိုးယူပြီး Bitcoin တူးတဲ့လုပ်ငန်းတွေမှာ ဂိုဏ်းခေါင်းဆောင်နဲ့ နီးကပ်စွာ လုပ်ကိုင်ခဲ့သူပါ။
သူမဟာ အလုပ်သမားရှာပေးတာ၊ အစိုးရဝန်ထမ်းအချို့နဲ့ ချိတ်ဆက်ပြီး စက်တွေထားဖို့ လျှို့ဝှက်ဂိုဒေါင်တွေ ရှာဖွေပေးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
သူမကို ခိုးမှု၊ ငွေကြေးခဝါချမှုနဲ့ ကွန်ပျူတာစနစ်နှောင့်ယှက်မှုတွေအပါအဝင် ကြီးလေးတဲ့အမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။
ဒါဟာ နိုင်ငံတော်ဘဏ္ဍာကို ထိခိုက်စေတဲ့ အထူးအမှုအဖြစ် DSI က သတ်မှတ်ထားပြီး ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ ရှိနေပါတယ်။






