Border News Agency
စစ်ကိုင်း၊မေ ၁၅။
စစ်ကိုင်းတိုင်းမှာ ခုနှစ် ဇန်နဝါရီလ၁ ရက်ကနေ မေလ၁၃ ရက်အထိ အာဏာသိမ်းစစ်တပ်ကြောင့် အရပ်သား၉၄ ဦးအထိ သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။
အဲဒီ သေဆုံးသူအရေအတွက်ကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ အမျိုးသမီး ၄၇ ဦးနဲ့ အမျိုးသား ၄၇ ဦး ပါဝင်ပြီး ကျား၊ မ သေဆုံးမှုနှုန်း အတူတူဖြစ်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၇ ဦးအထိ ပါဝင်နေတာကြောင့် အာဏာသိမ်းစစ်တပ်ဟာ အပြစ်မဲ့ကလေးငယ်တွေအပေါ်မှာပါ သက်ရောက်နေတာလို့ဆိုပါတယ်။
အဲဒီထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူက ၇၆ ဦးအထိ ရှိနေပြီး ဒါဟာ စုစုပေါင်းသေဆုံးမှုရဲ့ အများစု ဖြစ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းဒေသအတွင်း လေကြောင်းအင်အားကိုအလွန်အကျွံ အသုံးပြုနေတာလို့ဆိုပါတယ်။
ဒါပေမယ့် ခုလက်ရှိ အမည်နဲ့တကွ အတည်ပြုနိုင်တဲ့သူတွေအပြင် သေဆုံးခဲ့တယ်လို့ သတင်းရရှိထားပေမယ့် အတည်ပြုဖို့ လိုအပ်နေသေးတဲ့ အရပ်သား ၂၃၆ ဦးရဲ့ စာရင်းကိုလည်း AAPP က စုဆောင်းထားပါတယ်။







