Border News Agency
ပဲခူး၊ မေ ၅။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ဦးဆောင်တဲ့အဖွဲ့ဟာ အမှတ် ၂စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းစစ်ဌာနဆီကို မေလ ၄ ရက်၊မနေ့ကကွင်းဆင်းသွားရောက်ခဲ့ကြပါတယ်။
အဲဒီခရီးစဉ်မှာ ဝန်ကြီးချုပ်နဲ့အတူ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်နဲ့ လူထုခေါင်းဆောင် ဦးမင်းကိုနိုင်တို့လည်း လိုက်ပါခဲ့ကြတာပါ။
အဲဒီစစ်ဌာနကို ရောက်ရှိစဉ်မှာ အမှတ် ၂ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနဲ့ တာဝန်ရှိသူတွေက လက်ရှိ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးအခြေအနေတွေကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ပဲခူးတိုင်းစစ်ဌာနအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သလို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တွေ၊ ဒေသခံပြည်သူလူထုတွေနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြပါတယ်။
စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးဟာ ဗျူဟာမြောက် အရေးပါတဲ့အတွက် အခုလို ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင် ကွင်းဆင်းတာဟာ ရှေ့တန်းက ရဲဘော်တွေအတွက်ရော ဒေသခံတွေအတွက်ပါ ခွန်အားဖြစ်စေမယ့် ခရီးစဉ်တခုလည်းဖြစ်တယ်လို့ ဆိုကြပါတယ်။










