Border News Agency
ဟားခါး၊မေ ၁၅။
ချင်းပြည်၊ဟားခါးမြို့မှာ ပြည်သူတွေဆီက ငွေတောင်းခံတာနဲ့ နေအိမ်တွေကို ဖောက်ထွင်းဓားပြတိုက်တာတွေ လုပ်ဆောင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force-Hakha (CDF-Hakha) က မေလ ၁၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ ပြည်သူ့စစ်အဖွဲ့ဝင်ကို ဟားခါးမြို့အတွင်းမှာပဲ မေလ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
သူဟာ ပြည်သူ့နေအိမ်တွေဆီကနေ ဖောက်ထွင်းဓားပြတိုက်နေစဉ်မှာပဲ CDF-Hakha အဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီဟားခါးမြို့အနီးဝန်းကျင်မှာ ခုလက်ရှိစစ်ရေးအခြေအနေတွေကြောင့် တောတောင်တွေနဲ့ စစ်ရေးလှုပ်ရှားမှု ဖြစ်ပွားနိုင်တဲ့ နေရာတွေကို ပြည်သူတွေအနေနဲ့ လုံခြုံရေးအရ မလိုအပ်ဘဲ မသွားလာကြဖို့ CDF-Hakha က မေတ္တာရပ်ခံထားပါတယ်။
CDF-Hakha အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို အဓိကထား ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ပြည်သူကို အန္တရာယ်ပြုတဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ဆက်လက်အရေးယူသွားမယ်လို့လည်း အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း ကိုယ့်ဝန်းကျင်မှာ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေ တွေ့ရှိရင် နီးစပ်ရာ တာဝန်ရှိသူတွေဆီ သတင်းပေးပို့ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ CDF-Hakha က တိုက်တွန်းနှိုးဆော်ထားပါတယ်။






