Border News Agency
နေပြည်တော်၊ မေ ၁၅။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လာမယ့်၂၀၂၇ ခုနှစ်၊ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာဂျာကားလပ်စ်က ကြေညာလိုက်ပါတယ်။
အဲဒီဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာ ချမှတ်ခဲ့တာဖြစ်ပြီး အခြားဥရောပနိုင်ငံတွေကလည်း ပူးပေါင်းပါဝင်မယ်လို့ ကတိပြုထားကြပါတယ်။
အဲဒီပိတ်ဆို့အရေးယူခံထားရသူ စာရင်းထဲမှာ လူပုဂ္ဂိုလ် ၃၃ ဦးနဲ့ အဖွဲ့အစည်း ၉ ခု ပါဝင်နေပြီး အခြေအနေအရ အချက်အလက်တွေကို ပြန်လည်ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
အရင်စာရင်းထဲမှာ ပါဝင်သူတဦး သေဆုံးသွားတာကြောင့် စာရင်းကနေ ပြန်လည်ပယ်ဖျက်ထားတယ်လို့လည်း ဆိုပါတယ်။
အဲဒီစာရင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ ဝန်ကြီးတွေနဲ့ စစ်တပ်ကို လက်နက်နဲ့ ဘဏ္ဍာရေး ထောက်ပံ့နေတဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေ အဓိက ပါဝင်နေပါတယ်။
အဲဒီအပြင် အဖွဲ့အစည်းတွေအနေနဲ့ စစ်တပ်ပိုင် လုပ်ငန်းစုကြီးတွေဖြစ်တဲ့ MEC နဲ့ MEHL တို့ကို အဓိကထား ကန့်သတ်ထားတာ ဖြစ်ပါတယ်။
အခုလိုပိတ်ဆို့အရေးယူတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ငွေကြေးထောက်တိုင်တွေကို တိုက်ရိုက်ထိခိုက်စေဖို့ ရည်ရွယ်တာဖြစ်ပြီး ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်တာနဲ့ ငွေကြေးဆိုင်ရာ အခွင့်အလမ်းတွေကို ကန့်သတ်တာတွေ ပါဝင်မှာ ဖြစ်ပါတယ်။






