Border News Agency
ရန်ကုန်၊ မေ ၆။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မလေးရှားနိုင်ငံကိုသယ်ဆောင်မယ့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် ၉၃ ကီလိုကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC) က မေလ ၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်က လေယာဉ်နဲ့လိုက်ပါမယ့် ခရီးသည်မျိုးညီညီဟိန်းနဲ့ နှင်းသဇင်ဦးတို့ထံမှ အိုက်စ် ၂၆ ကီလိုကျော် အရင်ဖမ်းမိခဲ့တာဖြစ်ပြီး စစ်ဆေးချက်အရ အဲဒီနေ့မှာပဲ အခြားခရီးသည် ၄ ဦးထံကနေ အိုက်စ် ၅၆ ကီလိုကျော် ထပ်မံတွေ့ရှိခဲ့တာပါ။
အဲဒီအပြင်မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီရုံးခန်းမှာ အမျိုးသမီး ၂ ဦးကို အိုက်စ် ၉ ကီလိုကျော်နဲ့ ဖမ်းမိခဲ့သလို အပ်နှံသူ လင်မယား ၂ ဦးကိုလည်း လားရှိုးမြို့ရှိ ဟိုတယ်တခုမှာ အိုက်စ် ၁ ကီလိုနဲ့အတူ ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒီဖြစ်စဉ်မှာ စုစုပေါင်း တရားခံ ၁၀ ဦးနဲ့အတူ အိုက်စ် ၉၃ ကီလိုကျော် သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး ဒီဆေးတွေကို မလေးရှားကိုပို့ဖို့ စေခိုင်းသူဟာ သီပေါမြို့နယ်က လောက်ချီဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းမိသူတွေကို မူးယစ်ဆေးဝါးဥပဒေအရ အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။








