Border News Agency
အိန္ဒိယ၊ မေ ၆။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ဘာရတီယဂျာနတာပါတီ (BJP) ဟာ အနောက်ဘင်္ဂလားပြည်နယ်ရွေးကောက်ပွဲမှာ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ဒါဟာ ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီအတွက် နှစ်ပေါင်း ၄၆ သမိုင်းတလျှောက် အရေးအပါဆုံး နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
အနောက်ဘင်္ဂလားပြည်နယ်ဟာ လူဦးရေ သန်း ၁၀၀ နီးပါးရှိပြီး လူဦးရေရဲ့ ၂၇ ရာခိုင်နှုန်းဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ပါတယ်။
အခုလို ပြည်နယ်မှာ BJP ပါတီ အနိုင်ရတာဟာ မိုဒီအတွက်တော့ ကြီးမားတဲ့ အောင်ပွဲတခု ဖြစ်ပါတယ်။
အခုရွေးကောက်ပွဲမှာ BJP ပါတီက အမတ်နေရာ ၂၉၄ နေရာအနက် ၂၀၇ နေရာအထိ အပြတ်အသတ်အနိုင်ရခဲ့တာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် မာမာတာဘန်နာဂျီရဲ့ TMC ပါတီကတော့ အမတ်နေရာ ၈၀ သာ ရရှိပြီး အရေးနိမ့်သွားခဲ့ပါတယ်။
ဒါပေမယ့် ဒီရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ပြင်းထန်နေပါတယ်။ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွေကို ပြုပြင်ခဲ့တာကြောင့် ဘင်္ဂလားပြည်နယ်က မွတ်စလင်အများစုအပါအဝင် လူဦးရေ ၂ ဒသမ ၇ သန်းခန့်ဟာ မဲပေးခွင့်ဆုံးရှုံးခဲ့ရတယ်လို့ အတိုက်အခံတွေနဲ့ သုတေသနအဖွဲ့တွေက စွပ်စွဲထားကြပါတယ်။
အခြားပြည်နယ်တွေဖြစ်တဲ့ အာသံမှာလည်း BJP ပါတီက တတိယအကြိမ်မြောက် ဆက်လက်အနိုင်ရခဲ့သလို တမီးလ်နာဒူးပြည်နယ်မှာတော့ နာမည်ကြီးရုပ်ရှင်မင်းသား ဂျိုးဆက်ဗီဂျေးရဲ့ ပါတီသစ်က အမတ်နေရာ ၁၀၈ နေရာအနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ့် အခြေအနေရှိနေပါတယ်။
ကီရာလာပြည်နယ်မှာတော့ ကွန်မြူနစ်အစိုးရ ရှုံးနိမ့်သွားခဲ့တာကြောင့် အိန္ဒိယမှာ လက်ဝဲဝါဒီအစိုးရ အုပ်ချုပ်တဲ့ပြည်နယ် မရှိတော့ဘူးလို့ သိရပါတယ်။
မိုဒီရဲ့ BJP ပါတီဟာ အိန္ဒိယနိုင်ငံက ပြည်နယ် ၂၈ ခုအနက် ၂၁ ခုအထိ အုပ်ချုပ်ခွင့်ရရှိထားပြီး ဒါဟာ နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီရလဒ်တွေကြောင့် အိန္ဒိယနိုင်ငံဟာ တပါတီကြီးစိုးတဲ့စနစ်ဆီ ဦးတည်သွားနေသလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ရွေးကောက်ပွဲ တရားမျှတမှုအပေါ် မေးခွန်းထုတ်စရာတွေ ထွက်ပေါ်နေပါတယ်။






