Border News Agency
ထိုင်း၊ မေ ၆။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ မဲအေးမြို့နယ်မှာ မေလ ၅ ရက်နေ့က စွန့်ပစ်ထားတဲ့ ကားတစီးပေါ်ကနေ ဟီးရိုးအင်းနဲ့ဘိန်းစိမ်းအမြောက်အမြားကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
မဲအေးမြို့နယ်၊ ထာတွန်ကျေးရွာအနီး လမ်းဘေးမှာ ရပ်ထားတဲ့ မသင်္ကာဖွယ် မာစဒါကားတစီးကို စစ်ဆေးရာကနေ အခုလို ဖမ်းမိခဲ့တာဖြစ်ပြီး ကားပေါ်မှာတော့ ဘယ်သူ့ကိုမှ မတွေ့ရဘူးလို့ သိရပါတယ်။
ကားနောက်ခန်းအတွင်းကနေ ဟီးရိုးအင်း ၇ ထုပ်နဲ့ စပွန်ဆာပုလင်း ၄၈ ပုလင်းထဲ ထည့်ထားတဲ့ ဟီးရိုးအင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။
ဒါ့အပြင် အလေးချိန် ၄၀ ကီလိုခန့်ရှိတဲ့ ဘိန်းစိမ်း ၂၅ ထုပ်ကိုလည်း ကားပေါ်မှာပဲ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
အဲဒီဖမ်းမိတဲ့ဆေးဝါးတွေကို မဲအေးရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထွက်ပြေးသွားတဲ့ ကားပိုင်ရှင်ကို ဖမ်းမိဖို့အတွက် ကွင်းဆက်တွေ ဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်။












