Border News Agency
စစ်ကိုင်း၊ မေ ၆။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းက KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ မော်လူးမြို့ကိုအင်အားအလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက် ထိန်းချုပ်လိုက်ပြီလို့ အာဏာသိမ်းစစ်တပ်က မေလ ၅ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကစပြီး အင်းတော်မြို့ဘက်ကနေမော်လူးဘက်ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ အင်းတော်နဲ့ မော်လူးကြားက ကျေးရွာတွေနဲ့ ဗျူဟာမြောက်တောင်ကုန်းတွေကို အဆင့်ဆင့် ပြန်လည်စိုးမိုးပြီးမှ မော်လူးမြို့ထဲကို မနေ့ကဝင်ရောက်လာတာ ဖြစ်ပါတယ်။
အဲဒီ လမ်းတလျှောက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မြို့ထဲကို ဝင်ရောက်လာပြီးနောက်မှာတော့ အာဏာသိမ်းစစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတချို့နဲ့ စက်သုံးဆီ သိုလှောင်ကန်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ဒါဟာ မော်လူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည်လက်လွှတ်လိုက်ရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
မော်လူးမြို့ဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်ကို ဆက်သွယ်ထားတဲ့ ရွှေဘို-မြစ်ကြီးနား လမ်းမပေါ်မှာရှိလို့ စစ်ရေးအရရော၊ကုန်စည်စီးဆင်းမှုအရပါ အချက်အချာကျတဲ့ မြို့တမြို့ ဖြစ်ပါတယ်။













