Border News Agency
နေပြည်တော်၊ မေ ၇။
ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတုန်းက အပိုင်းလိုက်ခွဲကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မဲမသမာမှုမရှိဘဲ သိက္ခာရှိရှိအောင်မြင်ခဲ့တယ်လို့ သမ္မတတု မင်းအောင်လှိုင်က မေလ ၆ ရက်၊မနေ့ကအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
အဲဒီရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့သူ ၂၄ သန်းကျော်ထဲက ၁၃ သန်းကျော် လာပေးကြတာမို့ မဲပေးသူ ၅၄ ရာခိုင်နှုန်းကျော်ရှိတယ်လို့ သူက ဆိုပါတယ်။
လာပေးတဲ့သူတွေထဲမှာ အသက် ၁၈ နှစ်ကနေ ၅၀ ကြား လူငယ်နဲ့ လူလတ်ပိုင်းတွေ အများဆုံးပဲလို့လည်း ဝါကြွားသွားပါသေးတယ်။
ပြည်သူတွေ စည်းကမ်းတကျ တန်းစီပြီး မဲပေးကြတာဟာ သူတို့အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ခံတာလို့လည်း သမ္မတတုက ပုံဖော်ပြောဆိုခဲ့ပါတယ်။
ဒီရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ပြိုင်ခဲ့ပြီး ပါတီ ၃၁ ပါတီက ကိုယ်စားလှယ်တွေ ရွေးကောက်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာကရော ပြည်သူတွေကပါ အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲဖြစ်ပြီး စစ်တပ်က သူတို့အာဏာကို တရားဝင်အောင် လုပ်ပြတဲ့ ဟန်ပြသက်သက်ပဲလို့ ဝေဖန်မှုတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။






