Border News Agency
အီရန်၊ မေ ၈။
ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်နဲ့အီရန်တပ်ဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် အပြည်ပြည်ဆိုင်ရာ ရေနံဈေးနှုန်းတွေဟာ မေလ ၈ ရက်၊ ဒီနေ့မှာ ရုတ်တရက်မြင့်တက်သွားပါတယ်။
ဘရန့်ရေနံစိမ်း (Brent crude) ဈေးနှုန်းဟာ တစည်ကို ၁၀၃ ဒေါ်လာကျော်အထိရောက်ရှိသွားခဲ့ပြီး ဒါဟာစစ်ပွဲမတိုင်ခင်ကာလထက် ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်လာတာဖြစ်ပါတယ်။
အမေရိကန်စစ်ဌာနချုပ်က သူတို့ရဲ့ရေတပ်ဖျက်သင်္ဘောတွေဟာ အီရန်ဘက်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့တိုက်ခိုက်တာခံခဲ့ရလို့ ပြန်လည်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်က သူတို့ရဲ့ ရေနံတင်သင်္ဘောကို အရင်စတိုက်တာဖြစ်သလို အရပ်သားတွေရှိတဲ့ကျွန်းတွေကိုပါဗုံးကြဲခဲ့တယ်လို့ ပြန်လည်စွပ်စွဲထားပါတယ်။
ဒီပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့လကသဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ပျက်ပြားလုနီးပါးဖြစ်ခဲ့ပေမယ့် သမ္မတထရန့်ကတော့ အခြေအနေကိုလျှော့ချပြောဆိုခဲ့ပြီး အပစ်ရပ်စဲရေးဟာဆက်ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
အီရန်အစိုးရပိုင်မီဒီယာတွေကလည်း လက်ရှိမှာအခြေအနေတွေဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီလို့ ထုတ်ပြန်ထားပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ စုစုပေါင်းရဲ့ ငါးပုံတပုံခန့် ဖြတ်သန်းရာနေရာဖြစ်တာကြောင့် အခုလို တင်းမာမှုတွေရှိနေခြင်းက ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်စရာဖြစ်နေပါတယ်။
အာရှစတော့ရှယ်ယာဈေးကွက်တွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဟောင်ကောင်ဈေးကွက်တွေမှာလည်း ဒီမနက်ပိုင်းမှာ ရှယ်ယာဈေးနှုန်းတွေ ၁ ရာခိုင်နှုန်းကျော်စီကျဆင်းသွားခဲ့ပါတယ်။






