Border News Agency
နေပြည်တော်၊ မေ ၈။
မြန်မာနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံကြား ကုန်သွယ်မှုတွေမှာ အဆင်ပြေစေဖို့ နှစ်နိုင်ငံဘဏ်တွေ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်မယ့်ကိစ္စကို မေလ ၇ ရက်၊မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ ပါကစ္စတန်သံအမတ်တို့ တွေ့ဆုံရာမှာ နှစ်နိုင်ငံကြား အဆက်အသွယ်ဘဏ် (Correspondent Bank)တွေ တည်ထောင်ဖို့နဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာ အကူအညီပေးရေးကိစ္စတွေကို ပြောဆိုခဲ့ကြတာပါ။
အဲဒီအပြင် နိုင်ငံခြားငွေလဲလှယ်မှုနဲ့ပ တ်သက်တဲ့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာဘဏ်တွေနဲ့ချိတ်ဆက်ရ ခက်ခဲနေတာကြောင့် အာရှနိုင်ငံတချို့နဲ့ ဘဏ်ချင်းချိတ်ဆက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြား ငွေကြေးစီးဆင်းမှု လမ်းကြောင်းရှာဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ နာမည်ပျက်စာရင်းမှာ ရှိနေတာကြောင့် ဘဏ်ချင်းချိတ်ဆက်ဖို့ ကြိုးစားမှုတွေဟာ လက်တွေ့မှာဘယ်လောက်ထိ အလုပ်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။






