Border News Agency
အိန္ဒိယ၊ မေ ၈။
အိန္ဒိယနိုင်ငံ၊အရူးနားချားပရာဒေ့ရှ်ပြည်နယ်၊ ချန်လန်းခရိုင်အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ငွေသားတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတဦးကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေက မေလ ၇ ရက်၊မနေ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီ ဖမ်းဆီးခံရသူမှာ အသက် ၄၀ အရွယ်ရှိ လာဟိုကိုင်တာကိုင်ဆန် ဖြစ်ပြီး နမ်ပွန်ဒေသကနေ အိန္ဒိယနိုင်ငံထဲကို တရားမဝင် ခိုးဝင်ဖို့ ကြိုးစားနေတုန်း ရဲတပ်ဖွဲ့နဲ့အထူးတာဝန်တပ်ဖွဲ့တွေက ပူးပေါင်းဖမ်းဆီးခဲ့တာပါ။
သူ့ဆီကနေဘိန်းလို့ သံသယရှိတဲ့ အလေးချိန် ၄၂၀ ဂရမ်ကျော်နဲ့ အိန္ဒိယရူပီးငွေ တသိန်းကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ငွေသားတွေကိုတော့ အိန္ဒိယအာဏာပိုင်တွေက လုပ်ထုံးလုပ်နည်းအတိုင်း သိမ်းဆည်းထားလိုက်ပြီ ဖြစ်ပါတယ်။
သူ့ကို မူးယစ်ဆေးဝါးဥပဒေအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ နိုင်ငံခြားသားများဆိုင်ရာ ဥပဒေတွေနဲ့ပါ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
အခုဖမ်းမိတဲ့သူဟာ နိုင်ငံတကာ မူးယစ်ဆေးဝါးကွန်ရက်တွေနဲ့ ဆက်နွှယ်မှု ရှိ၊ မရှိကိုလည်း အိန္ဒိယရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေပါတယ်။
အခုနောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မှာ တရားမဝင် ဝင်ရောက်မှုတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေ ပိုများလာတာကြောင့် အိန္ဒိယအာဏာပိုင်တွေဘက်က စောင့်ကြည့်စစ်ဆေးမှုတွေကို အရင်ကထက် ပိုပြီး တိုးမြှင့်လုပ်ဆောင်နေပါတယ်။






