Border News Agency
အီရန်၊မေ ၁၂။
စစ်ပွဲအဆုံးသတ်ဖို့ ညှိနှိုင်းနေကြပေမယ့် အမေရိကန်ဘက်က တောင်းဆိုချက်တွေဟာ အဓိပ္ပာယ်မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ်ဘာဂါဟီက ဧပြီလ ၁၁ ရက်၊မနေ့ကပြန်လည်ပြောကြားလိုက်ပါတယ်။
အီရန်ဘက်ကတင်ပြတဲ့ ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်ပေးရေး အဆိုပြုချက်ဟာ သဘောထားကြီးပြီး တရားမျှတတဲ့အချက်တွေဖြစ်တယ်လို့ သူက ဆိုပါတယ်။
အီရန်ဘက်ကတော့ စစ်ပွဲတွေရပ်ဖို့၊အမေရိကန်ရဲ့ ရေတပ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့နဲ့ နိုင်ငံခြားဘဏ်တွေမှာ အေးခဲထားတဲ့ အီရန်ပိုင်ဆိုင်မှုတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာပါ။
ဒါပေမယ့် သမ္မတ ထရမ့်ကတော့ အီရန်ရဲ့ တောင်းဆိုချက်တွေကို လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ဧပြီလ ၁၀ ရက်နေ့က သူရဲ့လူမှုကွန်ရက်ကနေတဆင့် ပယ်ချထားခဲ့ပါတယ်။
အဲဒီလို နှစ်ဖက်စလုံးက ကိုယ့်ရပ်တည်ချက်ကိုယ် ဆုပ်ကိုင်ထားကြတာကြောင့် နိုင်ငံတကာ ရေနံဈေးကွက်မှာ ရိုက်ခတ်မှုတွေ ရှိလာပြီး အာရှဈေးကွက်မှာလည်း ရေနံဈေး ၄ ရာခိုင်နှုန်းကျော်အထိ ထိုးတက်သွားပါတယ်။
အဲဒီရေနံတစည်ကို အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်အထိ ရောက်ရှိသွားတာကြောင့် ကမ္ဘာ့စီးပွားရေးအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။
တဖက်မှာလည်း ပြင်သစ်နဲ့ ဗြိတိန်တို့ ဦးဆောင်တဲ့ နိုင်ငံပေါင်း ၅၀ ကျော်ဟာ ဟောမုဇ်ရေလက်ကြားမှာ ကုန်သွယ်မှုတွေ ပြန်စနိုင်ဖို့အတွက် စစ်သင်္ဘောတွေစေလွှတ်ဖို့ ပြင်ဆင်နေကြပါတယ်။
အဲဒီလိုဝင်ရောက်စွက်ဖက်တာဟာ အခြေအနေကို ပိုပြီးရှုပ်ထွေးစေမှာဖြစ်သလို ကုန်ဈေးနှုန်းတွေကိုလည်း ပိုတက်လာစေလိမ့်မယ်လို့ အီရန်ဘက်က သတိပေးလိုက်ပါတယ်။
လောလောဆယ်မှာတော့ နှစ်ဖက်စလုံးက အလျှော့မပေးဘဲ တင်းခံနေကြတာကြောင့် အပစ်အခတ်ရပ်စဲရေးဟာ ပိုပြီးပျက်ပြယ်လွယ်တဲ့ အခြေအနေကို ရောက်နေပါတယ်။
ဒီအကျပ်အတည်းကြောင့် ပင်လယ်ကွေ့ဒေသက ပြည်သူတွေနဲ့ ကမ္ဘာ့စီးပွားရေးဟာ အဓိက ထိခိုက်နစ်နာနေရတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။






