Border News Agency
မြိတ်၊ မေ ၁၇။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းရပ်ကွက်က ဆီဂိုဒေါင်တလုံးမှာ မေ ၁၇ ရက်၊ ဒီနေ့မနက် ၈ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးသွားတယ်လို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနကထုတ်ပြန်ပါတယ်။
အဲဒီမီးလောင်မှုဖြစ်တဲ့နေရာကို မြိတ်ခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီးအပြင် ပရဟိတအသင်းတွေ၊ ဒေသခံတွေနဲ့ပူးပေါင်းပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာကြောင့် မနက် ၈ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမီးမလောင်ခင်မှာ ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရပြီး ဘေးနားကအိမ်တွေပါတုန်ခါသွားတယ်လို့ ဆိုပါတယ်။
အဲဒီဆီဂိုဒေါင်ဟာ ဦးဟုန်နုဆီဆိုင်ကဖြစ်ပြီး မီးလောင်နေချိန်မှာ မိုးရွာသွန်းနေတာကြောင့် တခြားနေရာတွေကိုထပ်ပြီးကူးစက်တာမရှိဘဲ အချိန်မီထိန်းနိုင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီမီးလောင်မှုကြောင့်အမျိုးသား ၂ ဦးသေဆုံးခဲ့ရပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက မီးစတင်လောင်ရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေကို ဆက်လက်စစ်ဆေးနေကြတယ်လို့ ဆိုပါတယ်။








