Border News Agency
စစ်ကိုင်း၊မေ ၂၂။
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ရွာစဉ်ကျေးရွာကိုမေလ ၂၁ ရက်၊ညပိုင်းမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီးအများအပြား ဒဏ်ရာသွားတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
အဲဒီသေဆုံးသူတွေဟာ အသက် ၄၅ နှစ်နဲ့ ၂၀ အရွယ် အမျိုးသား ၂ ဦး၊ အသက် ၆၂ နှစ်နဲ့ ၂၇ နှစ်အရွယ် အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့နေအိမ် ၂၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီရွာစဉ်ရွာကို အာဏာသိမ်းစစ်တပ်ကမေလ ၂၀ ရက်နေ့ကလည်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်နဲ့ ဆိုင်ခန်းအချို့ ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပစ်မှတ်တွေကို ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးတာ၊စကားပြောစက်ကနေ လေကြောင်းသတင်းရယူတာ စတဲ့ ကြိုတင်လုံခြုံရေးအစီအမံတွေနဲ့ သတိထားနေထိုင်ကြဖို့ကိုလည်းသတိပေးထားပါတယ်။



























