Border News Agency
မကွေး၊မေ ၂၂။
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်အတွင်းမှာရှိတဲ့ သရက် – မင်းတုန်း လမ်းမကြီးကို ပြည်သူတွေအနေနဲ့ လုံးဝအသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊သရက်ခရိုင်အမှတ် ၄ တပ်ရင်းက မေလ ၂၂ ရက်၊ဒီနေ့မှာ အရေးပေါ် သတိပေးထုတ်ပြန်လိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်ဟာ ဒီနေ့ကစပြီးအကျုံးဝင်မှာဖြစ်သလို နောက်ထပ်သွားလာခွင့်ကြေညာချက် မထုတ်ပြန်မချင်း လမ်းပိုင်းကို ပြည်သူတွေအနေနဲ့ လုံးဝဖြတ်သန်းသွားလာတာမလုပ်ကြဖို့သတိပေးထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးကိစ္စရပ်တွေကြောင့် မဖြစ်မနေ အရေးတကြီး အသုံးပြုဖို့ လိုအပ်လာမယ်ဆိုရင်သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီကို ကြိုတင်ဆက်သွယ် ချိတ်ဆက်ပြီး သတင်းပို့ရမှာဖြစ်ပါတယ်။
အဲဒီလို ကြိုတင်သတင်းပို့ပြီး တာဝန်ရှိသူတွေဆီကနေ ခွင့်ပြုချက်ရရှိမှသာ လမ်းပိုင်းကို ဖြတ်သန်းသွားလာရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီ လမ်းပိုင်းပိတ်ဆို့ရတဲ့ အကြောင်းရင်း အသေးစိတ်ကို ထုတ်ပြန်ထားတာမရှိသေးပေမယ့် ဒေသတွင်းစစ်ရေးအခြေအနေတွေကြောင့် ဖြစ်နိုင်တာမို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုကြဖို့ လိုအပ်နေပါတယ်။






