Border News Agency
ထိုင်း၊မေ ၂၂။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ မြန်မာအမျိုးသမီးတဦး အသတ်ခံရပြီး နခွန်ရက်ချာဆီမာမြို့မှာလည်း မြန်မာအမျိုးသားတဦး ဓားနဲ့ထိုးခံရလို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီ ချင်းမိုင်မြို့၊စန်ဖီစူးရပ်ကွက်က အဆောင်တခုရဲ့ ရေချိုးခန်းထဲမှာ မေလ ၁၈ ရက်နေ့က အမည်မသိ မြန်မာအမျိုးသမီးတဦး လည်ပင်းညိုမည်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။
အဲဒါကြောင့်ရဲတပ်ဖွဲ့က အခန်းပိုင်ရှင် အသက် ၄၆ နှစ်အရွယ် ရှမ်းအမျိုးသား ဥယျာဉ်မှူးကို အဓိကသံသယရှိသူအဖြစ် သတ်မှတ်ပြီး အမြန်ဆုံးဖမ်းမိဖို့ လိုက်လံစုံစမ်းနေပါတယ်။
အဲဒီအပြင်ဘေးပတ်ဝန်းကျင် သက်သေတွေအရ အဲဒီရှမ်းအမျိုးသားဟာ သေဆုံးသူကို ခေါ်လာပြီး အတူသောက်စားခဲ့ကြပြီးနောက် အခန်းကို အပြင်က သော့ခတ်ထွက်ပြေးသွားတာလို့ သိရပါတယ်။
နောက်ပြီးမေလ ၂၀ ရက်နေ့ညနေပိုင်းကလည်း နခွန်ရက်ချာဆီမာခရိုင်၊ ဂျီရာရထားဘူတာအနီးမှာ အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုအောင်ကျော်စိုးဟာ ညာဘက်ရင်အုံမှာ ဓားဒဏ်ရာအပြင်းအထန်ရပြီး လဲကျနေတာကို ဒေသခံတွေက တွေ့ရှိခဲ့လို့ ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့ရပါတယ်။
သူလဲကျနေတဲ့နေရာဟာ အိုးမဲ့အိမ်မဲ့တွေ ခိုလှုံရာနေရာဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းမိဖို့ ထိုင်းရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေနေပါတယ်။






