Border News Agency
မန္တလေး၊မေ ၂၂။
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ်မှာ ငွေကျပ် ၂,၇၉၀ ဒသမ ၅ သိန်းတန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC MYANMAR) က မေလ ၂၂ ရက်၊ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီမဟာအောင်မြေမြို့နယ်၊မဟာမြိုင် ၁ ရပ်ကွက်၊ အောင်သပြေလမ်းမှာ မေလ ၁၈ ရက်နေ့က အသက် ၃၆ နှစ်အရွယ်သက်နိုင်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာကနေ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂,၆၁၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၁၀ ဒသမ ၄၄ ကီလိုနဲ့ လက်ကိုင်ဖုန်း ၂ လုံးကို စတင် ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီနောက် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ နေတက်ရဲ့ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်က နေအိမ်ကို ဆက်လက်ရှာဖွေခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအိမ်မှာ နေတက်ကို မတွေ့ရတော့ဘဲ အိမ်ထဲကနေ ငွေကျပ် ၁၆၂ ဒသမ ၅ သိန်းတန်ဖိုးရှိ ဘိန်းဆီခဲ ၆ ဒသမ ၅ ကီလိုနဲ့ ငွေကျပ် ၁၈ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း ၂ ကီလိုတို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ သက်နိုင်နဲ့ထွက်ပြေးတိမ်းရှောင်နေသူ နေတက်ကို သက်ဆိုင်ရာရဲစခန်းတွေမှာ မူးယစ်ဆေးဝါးဥပဒေနဲ့ အမှုဖွင့်ထားပြီး ကွင်းဆက်တွေကို ဆက်လက် ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။






