Border News Agency
ညောင်ရွှေ၊မေ ၂၂။
ရှမ်းပြည်အတွင်းကညောင်ရွှေမြို့နယ်နဲ့ လားရှိုးမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေအပါအဝင် ဘိန်းဖြူနဲ့ ဘိန်းစိမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC MYANMAR) က မေလ ၂၂ ရက်၊ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီရှမ်းပြည်ရဲတပ်ဖွဲ့ဝင်တွေဟာ မေလ ၂၀ ရက်၊ ညနေ ၄ နာရီအချိန်က ညောင်ရွှေမြို့နယ်၊ပွဲစားကုန်းလယ်ပြင်ကျေးရွာအနီးမှာ မသင်္ကာဖွယ်တွေ့ရတဲ့ အသက် ၄၄ နှစ်အရွယ် ဇော်လွင်ဦး (ခ) အယ်ဇော် ကို စစ်ဆေးရှာဖွေရာကနေ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀0 ပြားကို စတင်ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီအပြင်မေလ ၂၁ ရက်၊မနက် ၁၀ နာရီကျော်အချိန်ကလည်း မူးယစ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လားရှိုးမြို့၊ရပ်ကွက် ၅၊ ၅၄ လမ်းမှာရှိတဲ့ အသက် ၂၇ နှစ်အရွယ် ကျင်ရှောင် ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။
အဲဒီလို ရှာဖွေတဲ့အခါမှာ ကျင်ရှောင် ဆီကနေ ဒေသကာလတန်ဖိုး ငွေကျပ် ၅၂ သိန်းတန်ဖိုးရှိတဲ့ ဘိန်းဖြူ ၂၆၀ ဂရမ်၊ ငွေကျပ် ၁၃ သိန်းတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ ပြား၊ ငွေကျပ် ၇ သိန်းတန်ဖိုးရှိတဲ့ ဘိန်းစိမ်း ၁ ကီလိုနဲ့ လက်ကိုင်ဖုန်း ၁ လုံးကို သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူ ဇော်လွင်ဦး (ခ)အယ်ဇော် ကို ညောင်ရွှေမြို့မရဲစခန်းမှာလည်းကောင်း၊ကျင်ရှောင် ကို လားရှိုးမြို့မရဲစခန်းမှာမူးယစ်ဆေးဝါးဥပဒေနဲ့အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။






