Border News Agency
စစ်ကိုင်း၊မေ ၂၄။
ကုလသမဂ္ဂဌာနချုပ်အရပ်သားပြည်သူတွေ အကာအကွယ်ပေးရေး သီတင်းပတ်မှာ မြန်မာအပါအဝင် ၈၈ နိုင်ငံက ပူးတွဲကတိကဝတ်တစ်ခုကို အတည်ပြုလိုက်ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက မေလ ၂၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
ဒါဟာပြုပြင်ပြောင်းလဲမှုတွေနဲ့ အကန့်အသတ်တွေကြားထဲကနေ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီပူးတွဲကတိကဝတ်ကို ဆွစ်ဇာလန်ကိုယ်စားလှယ်အဖွဲ့ရုံး၊ OCHA၊ CIVIC နဲ့ IRC တို့က ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပြီး မေလ ၂၁ ရက်နေ့မှာ တရားဝင် ဖတ်ကြားထုတ်ပြန်ခဲ့တာလို့လည်းဆိုပါတယ်။
ကုလသမဂ္ဂအတွင်း ငွေကြေးနဲ့ အရင်းအမြစ်ဆိုင်ရာ ကျပ်တည်းမှုတွေ ရှိနေပေမယ့် အရပ်သားတွေကို အကာအကွယ်ပေးရေးလုပ်ငန်းကို အဓိက ဦးစားပေးလုပ်ဆောင်သွားဖို့ သဘောတူထားကြတယ်လို့လည်းဆိုပါတယ်။
အရပ်သားတွေကို ကာကွယ်ရမှာဟာ နိုင်ငံတကာဥပဒေအရ ဝတ္တရားတခုအဖြစ်တင်မဟုတ်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်တခုအဖြစ်ပါ သတ်မှတ်စောင့်ထိန်းသွားကြဖို့ ကတိပြုထားတယ်လို့ဆိာပါတယ်။
ဒါ့အပြင် လူသားချင်းစာနာမှု အကူအညီတွေကို အဟန့်အတားမရှိ ရရှိစေဖို့၊ချိုးဖောက်မှုကျူးလွန်သူတွေကို အရေးယူဖို့နဲ့ ဒေသခံအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ပေးဖို့လည်း ပါဝင်ပါတယ်။




