Border News Agency
မကွေး၊ဇွန် ၆။
မကွေးတိုင်း၊ပေါက်မြို့နယ်အတွင်း ပေါက်ကိုယ်တော်ရဲ့ အားအထားရဆုံး ကုက္ကိုစုပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။
အဲဒီ ပျူစခန်းကျဆုံးပြီးနောက် ပျူစောထီးနဲ့ မိသားစုတွေဟာ လက်နက်မချဘဲ လက်နက်အပြည့်အစုံနဲ့ မြိုင်စက်မှု ၂ ဘက်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်လို့ဆိုပါတယ်။
အခုလို လက်နက်နဲ့အတူ ထွက်ပြေးလို့ ဒေသတွင်း ပြည်သူတွေအထိတ်တလန့်ဖြစ်ခဲ့ရပြီး ကျေးရွာ ၅ ရွာထက်မနည်းက ပြည်သူတွေဟာလည်း ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။
အဲဒီထွက်ပြေးသွားတဲ့ ပျူစောထီးတွေကို ဖမ်းဆီးဖို့အတွက် အညာမြေတပ်ပေါင်းစုနဲ့ ဒေသတွင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး တောနင်ရှာဖွေတာနဲ့ ကင်းထောက်တာတွေလုပ်ဆောင်ခဲ့ရာ ဇွန်လ ၅ ရက်၊ညပိုင်းမှာပေါက်မြို့နယ် တောတွင်းတနေရာမှာပဲ အစုလိုက်ပိတ်မိပြီး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ပျူအဖွဲ့ခေါင်းဆောင်နဲ့ စစ်သား ၅ ဦးကတော့ နယ်မြေကျွမ်းကျင်မှုကို အသုံးပြုပြီး ဆက်လက် လွတ်မြောက်နေဆဲပဲ ဖြစ်ပါတယ်။
ခုလက်ရှိအချိန်မှာတော့ ဖမ်းဆီးမိထားတဲ့ ပျူစောထီးတွေကို ဂျနီဗာကွန်ဗန်းရှင်ဥပဒေတွေအရ သုံ့ပန်းစာရင်းဝင်တွေအဖြစ် ဘေးကင်းစွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။














