Border News Agency
မကွေး၊ ဇွန် ၁၂။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းကို အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အခါ အချိန်မီတုံ့ပြန်တိုက်ခိုက်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၁၂ ရက်၊ ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
အခုရက်ပိုင်းတွေမှာ မြိုင်မြို့နယ်ထဲကို အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာနေတာကို တွေ့ရှိနေရတဲ့အတွက်ဒေသတွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အထူးသတိပြုကြဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကြောင်းတွေ ဖြတ်သန်းသွားလာနိုင်တဲ့လမ်းကြောင်းတွေကို စောင့်ကြည့်သတင်းယူတာ၊ လိုအပ်တဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်တာတွေကို အချိန်နဲ့တပြေးညီ ပူးပေါင်းဆောင်ရွက်သွားဖို့ ညွှန်ကြားထားပါတယ်။
အဲဒီစစ်ကြောင်းတွေ ဝင်လာတဲ့အခါ အထိအခိုက်နည်းစေဖို့နဲ့ အရေးပေါ်အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့အတွက် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး အဆင်သင့်ပြင်ဆင်ထားဖို့ကိုလည်း ထပ်လောင်းသတိပေးထားပါတယ်။
အဲဒီအပြင် ဘယ်အခြေအနေမျိုးမှာမဆို တာဝန်ရှိသူတွေနဲ့ အမြဲအဆက်အသွယ်မပြတ်ထားဖို့နဲ့ စစ်ရေးသတိအမြဲရှိနေကြဖို့ကိုလည်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။









