Border News Agency
စင်ကာပူ၊ ဇွန် ၁၂။
အာဏာသိမ်းစစ်တပ်က ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ လက်နက်တွေ၊စစ်ဘက်-အရပ်ဘက်သုံး ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေရရှိနေတာကို ဟန့်တားပိတ်ဆို့ပေးဖို့ Justice For Myanmar (JFM) က စင်ကာပူနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
JFM ရဲ့ ၂၀၂၂ ခုနှစ်က စုံစမ်းဖော်ထုတ်ချက်အရ အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ စင်ကာပူကုမ္ပဏီ ၃၃ ခု ရှိခဲ့ပြီး အခုဆိုရင် အဲဒီထဲက ၆၁ ရာခိုင်နှုန်းလောက်က လုပ်ငန်းလည်ပတ်တာ မရှိတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း လက်နက်ပွဲစားကွန်ရက်အချို့ကတော့ စင်ကာပူမှာကုမ္ပဏီတွေမှတ်ပုံတင်ထားဆဲဖြစ်တာကြောင့် စင်ကာပူအစိုးရအနေနဲ့ ပိုပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိစင်ကာပူမှာ ကုမ္ပဏီဆက်လက်ထားရှိတဲ့အထဲမှာ အာဏာသိမ်းစစ်တပ်အတွက် ဘီလာရုစ်ကလက်နက်တွေ ဝယ်ပေးနေတဲ့ Dynasty ကုမ္ပဏီအုပ်စု၊လေတပ်နဲ့ ကြည်းတပ်၊ ရေတပ်အတွက် စစ်လက်နက်အစိတ်အပိုင်းတွေ ထောက်ပံ့ပေးနေတဲ့ MCM Group ရဲ့ လက်အောက်ခံ MCM Pacific နဲ့ ကမ်းရိုးတန်းစောင့်ကြည့် ရေဒါစနစ်တွေဝယ်ယူရာမှာ ပါဝင်တဲ့ Ky-Tha Trading စတဲ့ ကုမ္ပဏီတွေပါဝင်နေတယ်လို့ JFM က ထောက်ပြထားပါတယ်။
အဲဒီအပြင် လာမယ့် ၂၀၂၇ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ယူမယ့်စင်ကာပူနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကိုရပ်တန့်ဖို့ အခုထက်ပိုမိုပြတ်သားတဲ့ အရေးယူမှုတွေလုပ်ဆောင်ရမယ်လို့ဆိုပါတယ်။
နောက်ပြီးအာဏာစစ်တပ်ဆီလက်နက်တွေမရောက်အောင် တားဆီးမယ်လို့လူသိရှင်ကြားကတိပေးထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့လည်း JFM က တောင်းဆိုထားပါတယ်။










