Border News Agency
မေယင်တော၊ဇွန် ၁၆။
မောင်တောခရိုင်အတွင်းမှာ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရေသတ္တဝါတွေနဲ့ သားပေါက်ရာသီမှာရှိတဲ့ဥဆောင်းငါးအမတွေကို ဖမ်းဆီးတာမျိုး မလုပ်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ငါးလုပ်ငန်းနဲ့ ရေသယံဇာတများ စီမံခန့်ခွဲရေးဌာနက ဇွန်လ ၁၄ ရက်နေ့မှာ အသိပေး တိုက်တွန်းလိုက်ပါတယ်။
အဲဒီ သားပေါက်ရာသီအလိုက် ဖမ်းဆီးတာမပြုရမယ့် ရေသတ္တဝါတွေနဲ့ ကာလတွေကို အခုလို သတ်မှတ်ထားပါတယ်။
ကကတစ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)၊ ရေချိုပုစွန် (ဧပြီ၊ မေ၊ ဇွန်)၊ ရေချိုငါး၊ ရေငံပုစွန်၊ ကျောက်ပုစွန်၊ ကင်းပုစွန်၊ ငါးလင်ဘန်း၊ ကျောက်ငါး (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)၊ ငါးသလောက် (ဇန်နဝါရီ၊ ဧပြီ)၊ ရူးဇနား (၁၀၀) ဂရမ်အောက်နဲ့ ဂဏန်း (၁၀၀) ဂရမ်အောက်တွေကို ဖမ်းဆီးတာမပြုဖို့ သတ်မှတ်ထားတာပါ။
ဒါ့အပြင်မျိုးတုံးရှားပါးနေတဲ့ ငါးမန်း၊ ပင်လယ်လိပ်၊ လင်းရှူး၊ လင်းပိုင်၊ ရေဝက်၊ ဝေလငါး၊ ရေနဂါး၊ ရေချိုလိပ်၊ မိကျောင်း၊ ရေပုတ်သင်နဲ့ ပင်လယ်သန္တာကျောက်တန်း (အမာ/အပျော့) တွေကို ဖမ်းဆီးတာ၊ ရောင်းဝယ်တာနဲ့ သယ်ယူပို့ဆောင်တာတွေကိုလည်း တားမြစ်ထားပါတယ်။
အဲဒီ ငါးဖမ်းတဲ့နေရာမှာလည်း ဘက်ထရီနဲ့ ရှော့တိုက်တာ၊ မိုင်းခွဲတာနဲ့ အဆိပ်ချဖမ်းဆီးတာလိုမျိုး ပျက်စီးစေတဲ့ နည်းလမ်းတွေကို လုံးဝမလုပ်ကြဖို့လည်းသတိပေးထားပါတယ်။
အဲဒီတိုက်တွန်းချက်တွေကို မောင်တောနဲ့ ဘူးသီးတောင်မြို့တွေမှာရှိတဲ့ လမ်းမကြီးတွေ၊ စျေးတွေ၊ တံတားတွေနဲ့ လူသွားလူလာများတဲ့ နေရာတွေမှာ ဗီနိုင်းတွေ စိုက်ထူပြီးတော့ အသိပေးဆောင်ရွက်ထားတာကို တွေ့ရပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ရေသယံဇာတတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ဒေသခံပြည်သူတွေအနေနဲ့ အခုလို သတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်ပေးကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။










