Border News Agency
သံတွဲ၊ဇွန် ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲခရိုင်အတွင်းကဆေးဆိုင်တွေမှာ တားမြစ်ဆေးဝါး ရောင်းချမှု ရှိ/မရှိကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန (FDA) က ဒီလအတွင်းမှာ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။
အဲဒီစစ်ဆေးမှုတွေအရ ဆေးဆိုင်ပေါင်း ၂၁ ဆိုင်မှာလိုင်စင်မရှိတဲ့ ဆိုင် ၅ဆိုင်ကို တွေ့ရှိခဲ့ရပါတယ်။
အဲဒီဆိုင်ရှင်တွေကို လိုင်စင်လျှောက်ထားဖို့နဲ့ နောက်နောင် လိုင်စင်မဲ့ရောင်းရင် ဥပဒေအရ အရေးယူမယ်လို့ တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။
ဒါ့အပြင်သံတွဲမြို့နယ်၊ ကျောက်ကြီးရွာက ဇီဝကဆေးဆိုင်မှာ FDA ရဲ့ ထုတ်ပြန်ချက်ထဲက တားမြစ်ထားတဲ့ Artemaether Inj ၆ ပါ၊ ကတ် ၅ ကတ်ကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် သိမ်းဆည်းခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ ဆေးဝါးဝယ်ယူတဲ့အခါ FDA ရဲ့ စည်းကမ်းချက်တွေကို လိုက်နာတဲ့ မှတ်ပုံတင်ဆိုင်တွေမှာသာ ဝယ်ယူကြဖို့နဲ့ သတိထား ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။



















