Border News Agency
ဆိပ်ဖြူ၊ ဇွန် ၁၇ ။
မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ ဗိုလ်ကြီးတဦးအပါအဝင်ဆယ်ဦးသေဆုံးသွားတယ်လို့ ပကဖအသံမှ ဇွန်လ ၁၇ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ဆိပ်ဖြူမြို့ပေါ်ကထွက်လာတဲ့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်ဆယ့်ငါးဦးပါကားတစီးနဲ့ ဗိုလ်ကြီးတဦးလိုက်ပါလာတဲ့ အိမ်စီးကားတစီးကို ဆိပ်ဖြူမြို့အဝင် (နပဲပင်ဖုတ်တက်) အရောက်မှာ ဇွန် ၁၆ ရက်၊ ညနေပိုင်းက တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီးတဦးအပါအဝင် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံးခဲ့သွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် MA1 ငါးလက်၊ MA2 တလက်၊ MA3 တလက်၊ MA5 ပစ္စတိုတလက်၊ ကျည်အိမ် ဆယ့်ရှစ်ခု၊ ၅.၅၆ ကျည်နှစ်ရာ့လေးဆယ်တောင့်၊ လက်ပစ်ဗုံးနှစ်လုံး၊ ဖုန်းတလုံး၊ ငွေသား ငါးသိန်းလေးသောင်းငါးထောင်နဲ့ မှတ်ပုံတင်ခြောက်ကတ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဆိပ်ဖြူမြို့နယ် ဆယ်မိုင်စစ်ဆေးရေးဂိတ်ဘက်မှ အာဏာသိမ်းစစ်တပ်စစ်ကူကားငါးစီးရောက်ရှိလာခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်မှ တစုံတရာထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း (NSP) ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ၊ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ ၃ ၊ အမှတ် ၆ တပ်ရင်း၊ MGY၊ အမှတ် ၇ တပ်ရင်းနဲ့ အမှတ် ၁၇ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။












