Border News Agency
ဝက်လက်၊ ဇွန် ၁၇။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်လို့ ဝက်လက်သတင်းကွန်ရက်မှ ဇွန်လ ၁၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဝက်လက်မြို့နယ်၊ဇွန်တောင်ခြမ်းညောင်ပင်ကြီးတောရွာတနေရာကို ဒီနေ့၊နေ့လည် ၁၂နာရီ ၄၂မိနစ်အချိန်ခန့်က တံတားဦးတက်လာတဲ့ တိုက်လေယာဥ် တစီးနဲ့လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ဦးခေါင်းထိမှန်သေဆုံးပြီး သမီးဖြစ်သူအမျိုးသမီးငယ်တဦးနဲ့ နောက်ထပ်အမျိုးသမီးတဦး၊ဗိုက်ထဲကလေးအပါအဝင် စုစုပေါင်းလေးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ မွေးခါနီးဖြစ်သလို ဒဏ်ရာရသူတွေရှိနေပြီး နွားနှစ်ကောင်သေဆုံးသွားတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာကို မြေပြင်စစ်ကြောင်းမရှိဘဲရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။














