Border News Agency
နယူးယောက်၊ ဇွန် ၂၁။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ဇွန်လ ၁၉ ရက်နေ့ကပြုလုပ်တဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင်မတရားဖမ်းဆီးခံရသူတွေ အားလုံးလွတ်မြောက်ရေး နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးတောင်းဆိုကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
အဲဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်တာကြောင့် သူမကျန်းမာစွာသက်ရှိထင်ရှားရှိကြောင်းပြသဖို့ အာဏာသိမ်းစစ်တပ်ကိုတောင်းဆိုတဲ့ ၈၁ အတွက် ၈၁ လှုပ်ရှားမှုအကြောင်းထည့်သွင်းပြောကြားခဲ့ပြီး အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲတွေကို ကန့်ကွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
သံအမတ်ကြီးက အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၆ ခုနှစ်အတွင်း တိုက်လေယာဉ်တွေအပြင် စီးပွားရေးသုံး ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေကိုပါ အသုံးပြုပြီး အရပ်သားဒေသတွေကိုတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ကုလသမဂ္ဂမှာထောက်ပြခဲ့ပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ဆီ လက်နက်နဲ့ လေယာဉ်ဆီစီးဆင်းမှုပိတ်ဆို့ဖို့၊ စစ်တပ်ကိုကျော်လွန်ပြီး ကူညီနိုင်မယ့် အပြိုင်လူသားချင်းစာနာမှုယန္တရား တည်ဆောက်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေဖွဲ့စည်းထားတဲ့ ပြည်သူ့ကိုယ်စားလှယ် SCEF နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလိုင်ဘစ်ရှော့ကလည်း မတရားဖမ်းဆီးခံရသူတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။














