Border News Agency
အမေရိကန်၊ဇွန် ၂၁။
အမေရိကန်နဲ့အီရန်နိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် ကမ္ဘာ့အရေးပါဆုံး ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကနေ ကုန်တင်သင်္ဘောတွေ အလုံးအရင်းနဲ့ ပြန်လည်ထွက်ခွာ မောင်းနှင်နေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
သမ္မတထရမ့်ကအီရန်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်အရ အမေရိကန်ဘက်က ဆိပ်ကမ်းပိတ်ဆို့ထားမှုတွေကို ရုပ်သိမ်းပေးခဲ့ပြီး ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာကြောင့် ကမ္ဘာ့ရေနံဈေးကွက်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ပတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဲဒီသဘောတူညီချက်အပေါ် အီရန်အစိုးရဘက်က လိုက်နာရမယ့် ကတိကဝတ်တွေ ပျက်ကွက်တာ၊ဒါမှမဟုတ် ရေလက်ကြားကို ထပ်မံပိတ်ဆို့ဖို့ ကြိုးပမ်းလာမယ်ဆိုရင် အမေရိကန်အနေနဲ့ စစ်ရေးအရ ပြန်လည်တုံ့ပြန် အရေးယူသွားမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
လက်ရှိရရှိထားတဲ့ သဘောတူညီချက်အရ လာမယ့် ရက်ပေါင်း ၆၀ အတွင်း နှစ်ဦးနှစ်ဖက် ပိုမိုခိုင်မာတဲ့ နောက်ဆုံးအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို တားဆီးဖို့ကိုလည်း အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီသဘောတူညီချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတွင်း အစ္စရေးနဲ့ဟစ်ဇဘိုလာအဖွဲ့တို့အကြား တိုက်ခိုက်မှုအသစ်တွေ ဖြစ်ပွားနေတာကြောင့် ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရေရှည်တည်တံ့ခိုင်မြဲရေးအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ ရှိနေဆဲလို့ရိုက်တာသတင်းအရ သိရပါတယ်။










