Border News Agency
ဂွ၊ဇွန် ၂၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ကျိန္တလီမြို့ကို ဇွန်လ ၂၀ ရက်၊နေ့လည်အချိန်ကအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျိန္တလီမြို့၊အမှတ် ၂ ရပ်ကွက်မှအသက် ၅၇ နှစ်အရွယ်ဒေါ်တင်တင်ဝင်း နဲ့ အသက် ၆၇ နှစ်အရွယ် ဦးခင်မောင်ဝင်း တို့ဗုံးစထိမှန်ကာ ဒဏ်ရာရခဲ့သလို နေအိမ်နှစ်လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။
အဲဒီ ဂွမြို့နယ်၊ကျောက်ချွန်ကျေးရွာသို့ ဇွန်လ ၁၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် စာသင်ကျောင်းတကျောင်း အပါအဝင် လူနေအိမ်အချို့ ပျက်စီးခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိရေကြောင်း၊လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ရေကြောင်း၊လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။



















