Border News Agency
ဂွ၊ ဇွန် ၂၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အဲဒီဂွမြို့နယ်၊ ကံ့ကော်တောင်ရွာကို ဇွန်လ ၂၃ ရက်၊ည ၁၀ နာရီ၊ ၁၈ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကံ့ကော်တောင်ရွာမှ အသက် ၅၅နှစ်အရွယ် ဒေါ်လှကေသီ၊ အသက် ၁၉နှစ်အရွယ် မနှောင်းသဇင်ထွေး၊ အသက်၅၂နှစ်အရွယ်ဦးချစ်ဆွေနဲ့ အသက် ၆၀အရွယ် ဦးကျော်ဝင်း ဒဏ်ရာရသွားခဲ့တာပါ။
အဲဒီဂွမြို့နယ်၊ ကျိန္တလီမြို့ကို ဇွန်လ ၂၀ ရက်၊နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်မှအသက် ၅၇ နှစ်အရွယ်ဒေါ်တင်တင်ဝင်း နဲ့ အသက် ၆၇ နှစ်အရွယ် ဦးခင်မောင်ဝင်းတို့ဗုံးစထိမှန်ကာ ဒဏ်ရာရခဲ့သလို နေအိမ်နှစ်လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ဆေးရုံ၊ ဆေးခန်းနဲ့သာသနိကအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။














